ရမ်းဗြဲ၊ ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို စစ်ကူအဖြစ် ရဟတ်ယာဉ်နဲ့ လာချပေးသွားတဲ့အတွက် တပ်အင်အား ၁၂၀ နီးပါးရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရတာကြောင့် ထက်ဝက်ခန့် သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

စစ်ကူပို့လွှတ်လာတဲ့ တပ်ရင်းတွေဟာ ဧရာဝတီတိုင်း ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနဲ့ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့ဖြစ်ပြီး ရဟတ်ယာဉ် ၄ စီးနဲ့ ၇ ကြိမ်တိုင်တိုင် စစ်ကူလာချပေးခဲ့တဲ့ စစ်ကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA ထုတ်ပြန်ချက် မှတ်တမ်းဓာတ်ပုံတွေအရ သေဆုံးသူတွေထဲမှာ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီအဆင့်ရှိသူ နှစ်ဦးအထိ ပါဝင်တာ တွေ့ရပြီး သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေမှာ ဒရုန်းတွေကိုပါ ပစ်ချနိုင်တဲ့ လက်နက်ပစ္စည်းအမျိုးအစားတွေလည်း ပါဝင်နေပါတယ်။

စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ တစ်နေ့လုံးနီးပါး မရပ်မနား လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း များစွာပြုလုပ်ခဲ့ပြီး ကျန်ရှိတဲ့တပ်ဖွဲ့ဝင်တွေကို ရက္ခိုင့်တပ်တော် AA က ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ရက္ခိုင့်တပ်တော် AA အနေနဲ့ မင်းပြားမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်တိုက်ခိုက်လျက်ရှိနေတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.