ရေး၊ ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းနယ်စပ်ရှိ စစ်ကောင်စီရဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ်နဲ့ ခြေကုပ်စခန်းကုန်းတို့ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်နဲ့ခြေကုပ်စခန်းကုန်းတို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်ကနေ ၁၁ နာရီအချိန်အထိ ဒရုန်းနဲ့ဗုံး ၇ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုမှာ ဗုံးသီး ၂ လုံးဟာ မလွှဲတောင်စစ်ဆေးရေးဂိတ်အပေါ် ကျရောက်ပေါက်ကွဲခဲ့သလို နောက်ထပ် ဗုံးသီး ၅ လုံးဟာ ခြေကုပ်စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနိုင်ကြောင်း တပ်တွင်းသတင်းရင်းမြစ်တွေအရ သိရပေမယ့် အရေအတွက် အတိအကျကို ဆက်လက်စုံစမ်းနေတယ်လို့ ဒေါနစစ်ကြောင်း တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေ အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ခရီးသွားကားရာနဲ့ချီ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီလောက်မှသာ ပုံမှန်အတိုင်းပြန်လည်သွားနေကြတယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄) ဒရုန်းတပ်ဖွဲ့၊ ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDF ၊ Ye Air Force (YAF) ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် T1 တို့  ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ခရီးသွားပြည်သူတွေကနေ အတင်းအဓမ္မခြိမ်းခြောက် ငွေညှစ်နေမှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မလွှဲတောင်ဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အာဏာသိမ်းကာလအတွင်း ပထမဆုံးအကြိမ် သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးဟာ ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မဟာမိတ်ပူးပေါင်းတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.