ထားဝယ်၊ ဖေဖော်ဝါရီ ၂၆

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ကျောက်မဲတောင်စခန်းနဲ့ မေတ္တာမြို့ဗျူဟာကုန်းစခန်းတို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့ထံက သိရပါတယ်။

အဲ့ဒီစခန်း နှစ်ခုကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဝကုန်းကျေးရွားအနီးက ၂၅ မိုင် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းကစလို့ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ ထားဝယ် ပကဖ ပြန်ကြားရေး တာဝန်ခံက နေ့လည် ၁၁ နာရီအချိန်ခန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိအချိန်ထိတော့ တိုက်ပွဲကဖြစ်နေဆဲလို့ သိရတယ်။ လေယာဉ်ကတော့ တစ်ခေါက်လာကြဲသွားပြီး လို့ ကြားသိရတယ်။ ဒီမနက်မှာ K8W နဲ့ ဗုံးလာကြဲသွားတယ်။ အဲ့လို အခြေအနေတော့ ရှိတယ်”လို့ ဆိုပါတယ်။

မေတ္တာမြို့ရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားသလို  ကျန်ရှိနေတဲ့ ဗျူဟာကုန်းစခန်းကို ထပ်မံတိုက်ခိုက်နေတာပါ။

ဒါအပြင် ဟိန္ဒားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက စခန်းစွန့်ခွာသွားပြီး ကျောက်မဲတောင်စခန်းမှာ ပူးပေါင်းတပ်စွဲထားတာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ဝကုန်း၊ သင်္ကန်းတုန်း၊ ကျောက်မဲတောင် အပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတာကြောင့် အစားအသောက် အပါအဝင် နေရာထိုင်ခင်း လိုအပ်နေတယ်လို့ စစ်ရှောင်ဒေသခံတွေထံက သိရပါတယ်။

အချိန်တစ်ပတ်ကျော်အကြာ ဖြစ်ပွားခဲ့တဲ့ ထားဝယ်အရှေ့တော တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးထားပြီး စစ်ကား ၇ စီးလည်း ပျက်ဆီးထားသလို လက်နက်ခဲယမ်းတွေကိုပါ တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်တွေဘက်က သိမ်းဆည်း ရမိထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်နေ့ကလည်း ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

ပုံစာ- ထားဝယ်အရှေ့တောတိုက်ပွဲအတွင်း တော်လှန်းအင်အားစုပူးပေါင်းတပ်ဖွဲ့က လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိစဉ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.