ကောလင်း – ဖေဖော်ဝါရီ ၂၆

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ကောလင်းမြို့ကို စစ်ကောင်စီက သာလွန်အင်အားနဲ့ သိမ်းယူလိုက်တဲ့အတွက် မြို့ကိုပြန်လည်သိမ်းယူနိုင်ရေး ကြိုးပမ်းနေတယ် လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က ကောလင်းမြို့ကို ပြန်လည် ထိန်းချုပ်ဖို့ စစ်ကြောင်း ၄ ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအသုံးပြုပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မြို့ကိုအလုံးစုံပြန်လည်ထိန်းချုပ်သွားတာပါ။ 

မြို့ကိုပြန်လည်လက်လွှတ်ခဲ့ရပြီးနောက်မှာတော့ တော်လှန်ရေးတပ်တွေဘက်က ကောလင်းမြို့ ကိုဝိုင်းထားပြီး စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း တိုက်ခိုက်နေတယ်လို့ ပကဖ တစ်ဦးက ပြောပါတယ်။ 

“သူတို့(စစ်ကောင်စီတပ်) အရှေ့ဘက်ရယ်၊တောင်ဘက်ရယ်၊အနောက်ဘက်ရယ်ကိုက မထွက်ရဲ ဘူး။သူတို့ကောလင်းနဲ့ဝန်းသိုဘက်တကြောပဲသူတို့ ထွက်ရဲတာ ကျန်တဲ့ဘက်တွေက တော်လှန် ရေးအဖွဲ့တွေက ပတ်ပတ်လည် ဝိုင်းထားတာ။မြို့ထဲကိုတော့ဝင်မတိုက်သေးဘူး။ဝင်မတိုက်ဘဲနဲ့ အခုကျောက်တန်းလမ်းဆုံပေါ့နော်။ကျောက်တန်းလမ်းဆုံနားမှာ သစ်ဖူးလှတောင်ဆိုတာရှိတယ်။ အဲဒီက စခန်းကို သွားသိမ်းနေတယ်။”လို့သူက ပြောပါတယ်။

သစ်ဖူးလှတောင်မှာ စစ်ကောင်စီက လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်ထဲက အင်အား ၅၀ လောက်နဲ့ အခိုင် အမာတပ်စွဲထားတာဖြစ်ပြီး အဲဒီစခန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေထဲက တော်လှန်ရေး တပ် တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ရွှေဘို၊မြစ်ကြီးနား ကားလမ်းပိတ်ထားရတဲ့အတွက် မြန်မာနိုင်ငံအထက်ပိုင်း ကို အတက်အဆင်းလုပ်နေတဲ့ ခရီးသည်တင်ယာဉ်တွေ ဖြတ်သန်းမရတော့ဘဲ လမ်းကြောင်း ပိတ်နေတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ၃ လကြာ သိမ်းယူထားတဲ့မြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူ လိုက်ပြီးနောက်ပိုင်းမြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ဖျက်ဆီးလိုက်ပြီဖြစ်သလို မြို့ပေါ်ရပ်ကွက် တွေကိုလည်း မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသတွင်းအချက်အလက်တွေမှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကောလင်းတဝိုက်က ကျေးရွာ ၂၅ ရွာ မီးလောင် ခဲ့ရပြီး အရပ်သား ၃၀၀၀၀ နီးပါး စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ် 

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.