မော်စကို ၊ဖေဖော်ဝါရီ ၂၅

မဟာဗျူဟာမြောက် ရုရှားနျူကလီးယား တပ်ဖွဲ့တွေရဲ့ ၉၅ရာခိုင်နှုန်းကို ခေတ်မီအောင် ပြင်ဆင်လုပ်ဆောင်ထားပြီလို့ သမ္မတ ဗလာဒီမာ ပူတင်က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ရုရှားလေတပ်အတွက်လည်း အသံထက်မြန်ပြီး နျူကလီးယား ဗုံးကြဲလေယာဉ်အသစ် လေးစီးကို ပေးပို့သွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ပူတင်ဟာ Tu-160M နျူကလီးယား ဗုံးကြဲ လေယာဉ် တစ်စီးပေါ်မှာ လိုက်ပါစီးနင်းခဲ့ပြီးနောက် နောက်တစ်ရက်အကြာမှာ ကျရောက်တဲ့ ရုရှားနှစ်ပတ်လည် အဖမြေကာကွယ်ရေးနေ့ မိန့်ခွန်းမှာ အခုလိုပဲ ပြောကြားခဲ့တာပါ။

ယူကရိန်းစစ်ပွဲစတင်မှု ဒုတိယမြောက် နှစ်ပတ်လည်နေ့ အကြိုနေ့မှာ ပူတင်က ယူကရိန်းမှာတိုက်ပွဲဝင်နေကြတဲ့ ရုရှားစစ်သားတွေကို ချီးကျူးပြီး သူရဲကောင်းတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပူတင်က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာလို့ မသုံးနှုန်းဘဲ အထူးစစ်ဆင်ရေး ဆင်နွှဲတာလို့ပဲ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ မြေပြင်၊ ရေပြင်နဲ့ ဝေဟင်နျူကလီးယား စွမ်းပကားတွေ အားလုံးနီးပါးကို ခေတ်နဲ့ လျော်ညီအောင် လုပ်ဆောင်ထားပြီးပြီလို့ ပူတင်ကပြောပါတယ်။

မိမိတို့ရဲ့ လက်တွေ့ တိုက်ခိုက်ရေးအတွေ့အကြုံနဲ့ အတူ စစ်တပ်ကို အဖက်ဖက်က အင်အားပိုမို တောင့်တင်းလာအောင် လုပ်ဆောင်သွားမယ်လို့လည်း ပူတင်ကဆိုပါတယ်။

ရေတပ်ရဲ့ နျူကလီးယားတပ်ဖွဲ့ကို ခေတ်မီအောင်လုပ်ရာမှာ ရာနှုန်းပြည့် ပြီးစီးခဲ့ပြီဖြစ်ကြောင်းလည်း ပူတင်က ပြောဆိုသွားပါတယ်။

ရုရှားအနေနဲ့ အသံထက်ပိုမြန်တဲ့ Zircon ဒုံးကျည် အသစ်တွေကိုလည်း အများကြီး ထုတ်လုပ်ထားတယ်လို့ သူကဆိုပေမယ့် အဲဒီဒုံးကျည်တွေကို စမ်းသပ်ထားပြီးပြီလားဆိုတာတော့ မသိရပါဘူး။

ရုရှားရဲ့ အဆင့်မြင့်လက်နက်နောက်ဆုံးမျိုးဆက်ကို လိုက်မီနိုင်တဲ့ နိုင်ငံမရှိသေးဘူးလို့လည်း ပူတင်က မကြာခဏ ဂုဏ်ယူပြောဆိုလေ့ရှိပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.