ရေးချောင်းဖျား ၊ ဖေဖော်ဝါရီ ၂၅

မွန်ဒေသတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ လုံခြုံရေးကောင်းမွန်လာဖို့ ပါတီအ‌နေနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကာကွယ်စောင့်ရှောက်ရေးကို မြှင့်တင်တိုးချဲ့သွားမယ်လို့ မွန်ပြည်သစ်ပါတီက သဘောထားထုတ်ပြန်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီကနေ ထုတ်ပြန်‌ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

လက်ရှိကာလမှာ စစ်ကောင်စီနဲ့ သူတို့ကို ဆန့်ကျင်သူ‌တွေကြား ဖြစ်ပွား‌နေတဲ့ တိုက်ပွဲတွေဟာ အရှိန်မြင့်နေသလို တိုင်းပြည်ရဲ့ အခြေအနေဟာ ကဏ္ဍပေါင်းစုံ ယိုယွင်းပြီးအုပ်ချုပ်ရေးစနစ်ကလည်း ပျက်စီးနေတဲ့အတွက် ပြည်သူတွေရဲ့ ဘဝနေထိုင်ရေးဟာ လုံခြုံမှုလျော့ကျနေတာကြောင့် တစ်ပြည်လုံး စစ်ဘေးဒဏ်ကို ပြင်းထန်စွာ ခံစားနေရတယ် လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ မွန်လူမျိုးရဲ့ ဆန္ဒကို အလေးအနက်ထားကာ မွန်လူမျိုး အကျိုးအမြတ်ဖြစ်ထွန်းဖို့ နည်းလမ်းမျိုးစုံ ရှာဖွေပြီး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လွတ်လပ်တဲ့ မွန်ပြည်ပေါ်ပေါက်ဖို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ရေး မွန်တစ်မျိုးသားလုံး တော်လှန်ရေးအဖွဲ့တွေ ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲပြီး မွန်ပြည်သစ်ပါတီနဲ့အတူ ရုန်းကန်တိုက်ပွဲဝင်သွားကြဖို့ ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ နှိုးဆော်ထားပါတယ်။

တစ်ဖက်မှာတော့ ခွဲထွက်သွားတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ကိစ္စဟာ အမျိုးသားလွတ်မြောက်ရေးအတွက် ရုန်းကန်ရာမှာ မွန်တစ်မျိုးသားလုံး အင်အားတစ်ခုဖြစ်ဖို့နဲ့ ပါတီတစ်ခုလုံး တစ်သံတည်းဖြစ်ဖို့ သက်ရောက်မှုကြီးမားနေတာကြောင့် မိခင်ပါတီထံ ပြန်လာရေး ကြိုးပမ်းအားထုတ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.