ဘားအံ၊ ဖေဖော်ဝါရီ ၂၅
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်တွေဟာ စခန်းထဲကနေ အပြင်ကိုမထွက်ရဲကြတဲ့အထိ အခြေအနေဆိုးတွေနဲ့ ကြုံနေရပြီး KNU ရဲ့ နယ်မြေစိုးမိုး ထိန်းချုပ်လာနိုင်မှုကလည်း အရင်အနေအထားထက် ပိုမိုများပြားလာခဲ့တယ်လို့ ပဒိုစောတောနီးက ပြောဆိုခဲ့ပါတယ်။
KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင် တပ်မဟာ ၁၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ တို့ရဲ့ ရှေ့တန်းနယ်မြေထဲကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ကြုံတွေ့ နေရတဲ့အခြေအနေတွေကို ပြန်လည်ပြောပြခဲ့တာပါ။
KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းရှိ အာရှလမ်းမကြီးနဲ့ စစ်ကောင်စီထံကနေ KNU သိမ်းပိုက်ထားခဲ့တဲ့ လက်ခတ်တောင်စခန်းကုန်းတို့ကို ပဒိုစောတောနီးက သွားရောက်ခဲ့ရာ အာရှလမ်းမကြီးတလျှောက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နေရာယူထိန်းချုပ်ထားနိုင်သလို အာရှလမ်းမကြီးရဲ့ အောက်ဘက်ပိုင်းဖြစ်တဲ့ လှိုင်ဝ၊ ကိုးတိုင်၊ ခုနှစ်တိုင်၊ ကျုံဒိုးအထိ တော် လှန်ရေးပူးပေါင်းအဖွဲ့တွေက နေရာယူထားတယ်လို့ ဆိုပါတယ်။
ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ ခရီးစဉ်အတွင်းမှာလည်း စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို ကူးဖြတ်လာပြီး မဒေါက်၊ ညောင်လေးပင်၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ နတ်သံကွင်း၊ ဖြူးစတဲ့ ဒေသတလျှောက်လုံးအထိနဲ့ ရန်ကုန်-မန္တလေး ရထားလမ်းနဲ့ ကားလမ်းအနားအထိပါ KNU တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားပြီး ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။
ဒါ့အပြင် KNU သထုံခရိုင် တပ်မဟာ ၁ နယ်မြေထဲကသထုံမြို့နယ်၊ ဘားအံမြို့နယ်၊ ဘီးလင်းမြို့ နယ်၊ ကျိုက်ထိုမြို့နယ်တွေဘက်ကို သွားရောက်တဲ့ခရီးစဉ်အတွင်း အာရှလမ်းမကြီးအနီးရှိ ဝါးဘိုးတော၊ ရွှေရောင်ပြ၊ အလူးကြီးအလူးလေး၊ ကျိုက်ထီးရိုးပတ်ဝန်းကျင်၊ သိမ်ဇရပ်နဲ့ စစ်တောင်းမြစ်ကမ်းနားစတဲ့နေရာတွေအထိ KNU တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားနိုင်တယ်လို့ ပဒိုစောတောနီးက ပြောပြပါတယ်။
ရှေ့တန်းနယ်မြေထဲက စစ်ကောင်စီတပ်စခန်းတွေဟာ စခန်းအတွင်း ခံစစ်အနေအထားနဲ့ ရှိနေတာသာမက ဗျူဟာအဆင့်ရှိတဲ့ စခန်းကုန်းတွေအပါအဝင် တပ်စခန်းကုန်းတွေကနေ ပြန်လည်ဆုတ်ခွာတာတွေရှိနေတဲ့အတွက် စစ်ကောင်စီတပ်ဟာ ခံစစ်နဲ့ ခွာစစ်ကို တချိန်တခါထဲ လုပ်နေရတယ်လို့ ပဒိုစောတောနီးက ပြောဆိုခဲ့ပါတယ်။
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက KNU တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၅ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ ဗျူဟာစခန်းအပါအဝင် စခန်း ၁၀ ခုကျော်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စခန်းစွန့်ခွာထွက်ပြေးထားရတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU