မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၅
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို တရားဝင်လမ်းကြောင်းအပြင် တရားမဝင်လမ်းကြောင်းတွေကနေတဆင့် ပြည်ပထွက်ခွာမှု ဆက်တိုက်မြင့်တက်လာတယ်လို့ နယ်စပ်အရင်းအမြစ်တွေနဲ့ အလုပ်သမားအရေးကူညီသူတွေထံက သိရပါတယ်။
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းဆောင်လိုခြင်းမရှိတဲ့ လူငယ်တွေဟာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေဘက်ကို တရားဝင်လမ်းကြောင်းကနေတစ်ဆင့် သွား ရောက်နိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ်တွေ ပြုလုပ်မှုနဲ့ ဗီဇာလျှောက်ထားမှုတွေ အရင်ကထက် ပိုမိုများပြားလာနေခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေကြေညာပြီးနောက် ထိုင်းနိုင်ငံသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူ ၇၀၀၀ ကျော်အထိ ရှိလာတဲ့အတွက် တစ်ရက်လျှင် လူဦးရေ ၈၀၀ အထိတိုးမြှင့်လက်ခံပေးနေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း တရားမဝင် လမ်းကြောင်းကနေတစ်ဆင့် ထိုင်းနိုင်ငံကို သွားရောက်ဖို့အတွက် လူ ငယ်တွေအများစုပါဝင်တဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာမှုတွေ နေ့စဉ်အများအပြားရှိနေခဲ့ပြီး နယ်မြေခံထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးရမိတာတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပါတယ်။
“လူငယ်လူရွယ်တွေကလည်း လက်ရှိစစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကလည်း အသက်သွင်းနေပြီဆိုတော့ ပြည်တွင်းမှာရှိတဲ့လူငယ်တွေဟာ တရားဝင်နည်းလမ်းနဲ့ ပြည် ပနိုင်ငံတွေကို ထွက်ခွာဖို့အတွက် ကြိုးစားနေသော်လည်း အဲဒီတရားဝင်ထွက်ခွာမယ့်လမ်းကြောင်းတွေကိုလည်း အဟန့်အတားတွေအနေနဲ့ သူတို့က ပိတ်ဆို့တားဆီးနေတဲ့အခါကျမှ ရရာနည်းလမ်းနဲ့ ထွက်မယ့်လက္ခဏာတွေ ကြုံတွေ့နေရတယ်” လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့က ဦးအောင်ကျော်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို တ ရားမဝင်နည်းလမ်းတွေနဲ့ ဝင်ရောက်လာခဲ့ပါက ဖမ်းဆီးအရေးယူသွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာတွေ ရှိနေပါတယ်။
လတ်တလောမှာ ထိုင်း-မြန်မာ နယ်စပ်ဝင်ပေါက် လုံခြုံရေးဂိတ်တွေဖြစ်ကြတဲ့ ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်၊ ဘုရားသုံးဆူ-စံခရဘူရီနယ်စပ်ဂိတ်၊ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ပေါက်ဝတွေမှာ နယ်စပ်ဖြတ်ကျော် ခွင့်လက်မှတ်နဲ့ ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသားတွေကိုလည်း နယ်မြေခံ ထိုင်းတာဝန်ရှိသူတွေ စောင့်ကြည့်စစ်ဆေး ကန့်သတ်သွားလာမှုတွေ အရင်ကထက် ပိုမိုလုပ်ဆောင်နေတယ်လို့ နယ်စပ်ကလာတဲ့ သတင်းရင်းမြစ်တွေက သိရပါတယ်။
အခုလိုအခြေအနေမှာ ထိုင်းအစိုးရတာဝန်ရှိသူတွေအနေနဲ့ အရင်အတိုင်းလို ထိုင်းနိုင်ငံထဲကိုရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို နေထိုင်အလုပ်လုပ်ခွင့်လက်မှတ်တွေ ထုတ်ပေးပြီး ကူညီလုပ် ဆောင်မယ်ဆိုပါက ဝမ်းသာစရာကောင်းတဲ့လက္ခဏာဖြစ်ပြီး ဒီလိုမှမဟုတ်ဘဲ တကယ်ထိထိရောက်ရောက် ဖမ်းဆီးအရေးယူသွားမယ်ဆိုပါက မြန်မာနိုင်ငံသားတွေအတွက် ဒုက္ခများစွာကြုံတွေ့ရနိုင်တယ်လို့ ဦးအောင်ကျော်က သုံးသပ်ပြောကြားပါတယ်။
“တကယ်ပဲ ထိထိရောက်ရောက်လုပ်မယ်ဆိုရင်တော့ ဒါကျနော်တို့နိုင်ငံသားတွေအတွက် ကြီးလေးတဲ့ ဒုက္ခလေးတွေ ခံလိုက်ရမှာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်။ လက်ရှိအနေအထားမှာတော့ နှုတ်ကထုတ်ဖော်ပြောကြားသလိုမျိုးအတွင်း(ဘန်ကောက်)မှာရှိနေတဲ့ဟာတွေ ပိုက်စိပ်တိုက်ရှာဖွေတာဘာတွေတော့ လုပ်ဆောင်တာမတွေ့ရသေးဘူး။ သို့သော်နယ်စပ်ကတော့ သူ့(ထိုင်း)ရဲ့ ဒါနိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ မိမိနိုင်ငံရဲ့နယ်နိမိတ်တွေပဲ လုံခြုံရေးချထားတာတော့ရှိပါတယ်” လို့ ဦးအောင်ကျော်က ဆိုပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ အလုံးအရင်းနဲ့ ဝင်ရောက်လာချိန် ထိုင်းဝန်ကြီးချုပ်က ဖမ်းဆီးအရေးယူမယ်လို့ ထုတ်ဖော်ပြောဆိုလာတဲ့နောက်ပိုင်းမှာ ထိုင်း နိုင်ငံအတွင်း နယ်စပ်ဒေသတွေမှာ အလုံးအရင်းနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ လူငယ်အများစုပါဝင်တဲ့ မြန်မာနိုင်ငံသားတွေ အများအပြားကို ထိုင်းအာဏာပိုင်တွေက ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အရွယ်ရောက်ပြီးသာ အမျိုး သား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်း နီးပါးရှိတယ်လို့ စစ်ကောင် စီရဲ့ အချက်အလက်တွေအရ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ကြဖို့နဲ့ လက်နက်မကိုင်ချင်ပါက ကျရာတာဝန်ထမ်းဆောင်ရွက်ဖို့ ဖိတ်ခေါ်တာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Tak Immigration