နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၄

အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက တပ်အင်အားဖြည့်ဖို့ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်အာဏာရှင်စနစ်အဆုံးသတ်တိုက်ပွဲအတွက် လမ်းများအားလုံး နေပြည်တော်ဆီ ဦးတည်ဖို့ လူထုတွေ မျှော်လင့်နေကြပါတယ်။

အာဏာသိမ်းမှု သုံးနှစ်အတွင်း စစ်ကောင်စီတပ်ဟာ အင်အားပြုန်းတီးမှုနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကြောင့် မဆုတ်တမ်းခံစစ်စခန်းတွေကအစ တပ်ရင်းအလယ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အထိ လက်နက်ချအညံ့ခံမှုတွေဟာ စစ်ကောင်စီတပ်ကို အင်အားသာမက စိတ်ဓာတ်ပါ အရေးမလှဖြစ်စေခဲ့တာပါ။

ဒီအခြေအနေမှာ အာဏာရှင်ဟောင်း ဦးသန်း‌ရွှေလက်ထက်မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံသားတိုင်း စစ်မှု ထမ်းရမယ့် ဥပဒေကို ၁၄ နှစ်အကြာမှာ စစ်ကောင်စီက ရုတ်ချည်းအသက်သွင်းလိုက်တဲ့အတွက် လူထုတစ်ရပ်လုံး အကျပ်ရိုက်စေခဲ့ပါတယ်။

ဒါကြောင့် နွေဦးတော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်အာဏာရှင်စနစ် အပြီးသတ်ချေမှုန်းရေးတိုက်ပွဲဆင်နွှဲဖို့ လူထုတွေ တောင့်တနေကြတာပါ။

အရပ်သားပြည်သူ အမျိုးသမီးတစ်ဦးကတော့ မြို့သိမ်းတိုက်ပွဲတွေလုပ်နိုင်တဲ့ EAO တွေအနေနဲ့ ကူညီပေါင်းစည်းပြီး နေပြည်တော်ဆီဦးတည်ဖို့ ပြည်သူတွေ မျှော်လင့်နေကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဘက်ဘက်က ယုတ်လျော့လာတဲ့ အားအင်တွေကြောင့်မို့လို့ ERO/EAO တွေရော၊ PDF တွေရော လမ်းများအားလုံး နေပြည်‌တော်ဆီသို့ ဆိုသလိုမျိုး ကျွန်မတို့တွေ အရမ်းမျှော်လင့်ကြတယ်။ ကျွန်မတို့ပြည်သူတွေကြားမှာလည်း ပြည်သူတွေက ဒီဟာကို အလိုလားဆုံးဖြစ်နေတယ်ပေါ့။ ERO တွေအနေနဲ့ သူတို့ရဲ့ ဒေသတွေမှာ မြို့သိမ်းတိုက်ပွဲတွေ လုပ်နိုင်တဲ့အခါ သူတို့နယ်မြေမှာပဲ ရပ်တန့်သွားမှာ စိုးရိမ်နေကြတယ်။ ERO တွေအနေနဲ့ ကူညီပေါင်းစည်းပြီး နေပြည်တော်ဆီသို့ ဦးတည်ဖို့လည်း မျှော်လင့်နေကြပါတယ်”လို့ သူက ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ မြို့ ၇ မြို့ ကို သိမ်းယူနိုင်ခဲ့တဲ့ တအာင်းတပ်မတော် TNLA ကတော့ ၂၀၂၅ ခုနှစ်မှာ လူထုဆန္ဒအခြေခံတဲ့ လူထုအုပ်ချုပ်မှုအစိုးရပေါ်ပေါက်လာဖို့ ကြိုးပမ်းသွားမယ်လို့ အဖွဲ့ရဲ့ နှစ်ပတ်လည်အအစည်းအဝေး ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

လူထုအုပ်ချုပ်မှုအစိုးရပေါ်ပေါက်ရေး ကြိုးပမ်းမှုဟာ တအာင်းဒေသကို ဆိုလိုတာလား ဒါမှမဟုတ် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရည်ညွန်းတာလားဆိုတာ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပါဘူး။

တစ်ဖက်မှာတော့ မြန်မာလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်ဆိုးကနေ လွတ်မြောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို အားလုံးစုပေါင်း ရုန်းကန်တည်ဆောက်ဖို့ အချိန်အခါသင့်နေပြီလို့ TNLA အစည်းအဝေးက ရှုမြင်ထားပါတယ်။

ရှမ်းမြောက်မှာ တရုတ်ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ထိတွေ့ တိုက်ပွဲတွေ ရပ်တန့်နေပြီး သိမ်းပိုက်ထားတဲ့ မြို့တွေမှာ ဒေသဖွံ့ဖြိုးရေးကိစ္စတွေနဲ့ အုပ်ချုပ်ရေးစနစ်တွေ ဖော်ဆောင်နေကြပါတယ်။

စစ်ရေးသုတေသီတချို့ကတော့ ရှမ်းမြောက်မှာ အုပ်ချုပ်ရေးစနစ်တွေ ဖော်ဆောင်ပြီးရင် သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့နဲ့ အခြားမြို့တွေမှာ သေနတ်သံတွေ ကြားလာနိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

နိုင်ငံ့တောင်ပိုင်းက ဝါရင့်တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးကတော့ စစ်ကောင်စီရဲ့ အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ကို ဘယ်လိုထိုးဖောက်မလဲဆိုတာ စဉ်းစားရတော့မယ်လို့ ထုတ်ပြောလာပါတယ်။

အခုနှစ်ဆန်းပိုင်းအတွင်း KNU တပ်မဟာ ၃ ခုနဲ့ ရှေ့တန်းစစ်မြေပြင်တွေဆီ သွားရောက်ခဲ့တဲ့ ပဒိုစောတောနီးရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး KNU ပြည်သူ့ဆက်ဆံရေးဌာနက မေးမြန်းချက်တွေကို ဖေ ဖော်ဝါရီ ၂၂ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာပါ။

ပဒိုစောတောနီးက အခုချိန်မှာ မြို့ သိမ်းတိုက်ပွဲတွေကို စဉ်းစားမှာမဟုတ်ပေမယ့် စစ်ရေးအရ လိုရင်လိုသလို ဝင်တိုက်မှာဖြစ်ပြီး အသည်းနှလုံးရှိတဲ့အရှိုက်ရှိတဲ့ တကယ့်အညှာရှိတဲ့နေရာကို ထိုးဖောက်မှာပဲလို့ ပြောဆိုခဲ့တာပါ။

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က KNU အနေနဲ့ နေပြည်တော်နဲ့ နီးစပ်တဲ့ တပ်မ ဟာ ၃ နယ်မြေလည်း ရှိနေသလို ဆက်စပ်မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကလည်း အ နောက်တန်းလောက်သာရှိတဲ့အတွက် လုပ်နိုင်တဲ့ အနေအထားလို့ သုံးသပ်ပါတယ်။

“KNU အနေနဲ့က အထူးသဖြင့် နေပြည်တော်နဲ့နီးတဲ့ ညောင်လေးပင်က တပ်မဟာ ၃ ပေါ့။ တပ်မ ဟာ ၃ အင်အားစုတချို့က ပဲခူးတိုင်းထဲမှာ ရောက်ရှိနေပါပြီ။ မုန်းမြို့ကို သိမ်းတယ်ဆိုတဲ့ အဲဒီအဖွဲ့ပါ။ နောက်တစ်ခုက ရေတာရှည်တို့ ရန်ကုန် – မန္တလေးလမ်းတလျှောက် နေပြည်တော်နဲ့ ဆက်စပ်နေတဲ့နေရာတွေမှာ မြို့တွေက တစ်မြို့ပြီးတစ်မြို့ ဆက်စပ်နေတာ။ အဲဒီမှာ တပ်ရင်း ၂ ရင်း ၃ ရင်းဆီ ချထားတယ်။ ဒါပေမယ့် အဲဒီတပ်ရင်းတွေကလည်း ရခိုင်ရောက် အရှေ့‌မြောက်ရောက် တကယ် တမ်းကျ တပ်ရင်းကတပ်ရင်းပြင်ပပဲ ရှိတော့တယ်။ တပ်ရင်းမှာ အိမ်ထောင်သည်တန်းလျားနဲ့ အ နောက်တန်းဌာနလောက်ပဲ ရှိတော့တယ်။ ဒါကြောင့် သူ့အနေနဲ့ (KNU) မြို့သိမ်းတိုက်ပွဲတွေမလုပ်ဘဲနဲ့ နေပြည်တော်ကို တိုက်ရိုက်ဦးတည်ပြီး စစ်ဆင်ရေးလုပ်မယ်ဆိုတာလည်း ကောင်းပါတယ်။ သူ့အနေနဲ့ သူကလုပ်နိုင်တဲ့ အနေအထားရှိတယ်”လို့ ဆိုပါတယ်။

KNU အနေနဲ့ တပ်မဟာ ၆ ရှိ လက်ခတ်တောင်အပါအဝင် အာရှလမ်းမကြီးတလျှောက် ထိန်းချုပ်ထားနိုင်သလို နေပြည်တော်အနီးရှိ တပ်မဟာ ၁ နဲ့ တပ်မဟာ ၃ ဒေသက နယ်မြေတွေကို စိုးမိုးထားနိုင်ပြီး စစ်ကောင်စီဘက်က ခွာစစ်၊ ခံစစ်အနေအထားသာ ရှိတော့တယ်လို့ ပဒိုစောတောနီးက ထုတ်ပြောထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကလည်း ကရင့်လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပြန်လည်ပေါင်းစည်းပြီး စည်းစည်းလုံးလုံး စုစုဝေးဝေးနဲ့ လုပ်ကိုင်ဆောင် ရွက်ကြဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြည်သူတွေကို သတင်းစကားပါးခဲ့ပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ ပြည်ပနိုင်ငံမှာ တိမ်းရှောင်ကြသလို နီးစပ်ရာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ လာရောက်ပူးပေါင်းကြတာလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Mandalay PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.