မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၄
မွန်ပြည်နယ်ရှိ မြို့နယ်အများစုမှာ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေက ပြည်သူတွေ စစ်မှုထမ်းဆောင်ကြဖို့ အကြီးအကျယ် လိုက်လံနှိုးဆော်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၊ ရဲ၊ မီးသတ်၊ စည်ပင်အပါအဝင်ဌာနဆိုင်ရာအများစုက ဝန် ထမ်းတွေဟာ ပြည်သူတွေ စစ်မှုထမ်းဖို့အတွက်ဆိုပြီး ဝါဒဖြန့်လက်ကမ်းစာစောင်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကစလို့ လူစည်းကားရာ နေရာတွေမှာ လိုက်လံဖြန့်ဝေနေတာပါ။
လက်ကမ်းစာစောင်ထဲမှာတော့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ပြည်သူတွေ မစိုးရိမ်ဖို့၊ စစ်သင် တန်း တက်ရောက်ပြီးပါကလည်း မိမိတို့ဆန္ဒရှိတဲ့ ဒေသတွေမှာသာ တာဝန်ထမ်းဆောင်နိုင်သလို လစာနဲ့ခံစားခွင့်တွေရရှိမယ့်အကြောင်း ဖော်ပြထားတာပါ။
ဒေသခံ ပြည်သူတစ်ဦးကတော့ စစ်မှုထမ်းဖို့ လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေရာမှာ လူစည်ကားရာနေရာတွေအပြင် နေအိမ်တွေအထိ လိုက်လံပေးဆောင်နေပြီး လူဦးရေစာရင်းတွေကိုပါ မေး မြန်းတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
“ဒီမနက်ထွေအုပ်ရော၊ မီးသတ်ရော၊ ရဲရော၊ အခုရှင်းရှင်းပြောရင် ကြက်ခြေနီပါ ပါတယ်။ ခေါင်းစဉ်က ဘာပြောလဲဆိုတော့ အဆောက်အဦးစာရင်း လိုက်ကောက်တယ်တဲ့။ အဆောက်အဦးစာရင်း ကောက်တယ်ပြောပြီးတော့ အဲဒီလက်ကမ်းစာစောင်တွေ ဝေတယ်။ ပြီးတော့ အိမ်တစ်အိမ်မှာ ယောင်္ကျားလေး ဘယ်နှစ်ယောက်၊ မိန်းကလေး ဘယ်နှစ်ယောက်ရှိလဲ။ အဲဒါတွေပါ မေးလာတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေက ဝါဒဖြန့်စစ်မှုထမ်း လက်ကမ်းစာစောင်တွေကို ပုံစံအမျိုးမျိုးနဲ့ လိုက်လံဖြန့်ဝေနေတာကြောင့် ပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက် နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်ပြီးသား နိုင်ငံသားတိုင်းဟာ မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းဆောင်ရာမှာ ဖြစ်ပြီး မထမ်းဆောင်တဲ့သူတွေဟာ အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။
ဒေသခံ လူငယ်တစ်ဦးကတော့ စစ်မှုထမ်းလက်ကမ်းစာစောင် ဖြန့်ဝေတာဟာ ခြိမ်းခြောက်တဲ့ စာသဘောမျိုးသာဖြစ်ပြီး စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းဆောင်မှာမဟုတ်ဘဲ အမှန်တရား ဘက်မှာသာ စစ်မှုထမ်းမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ထွေအုပ်က လူတွေ မနေ့တုန်းက အုပ်စုဖွဲ့ ပြီးတော့ အများကြီးပဲ။ စစ်မှုထမ်းပေးဖို့ လက်ကမ်းစာစောင်တွေ လိုက်ဝေနေတယ်။ သူတို့ဝေလည်း ဘယ်လိုပြောမလဲ ခြိမ်းခြောက်စာပဲပေါ့။ သူတို့ ဘယ်လောက်ပဲဝေဝေ အထမမြောက်ဘူးပေါ့။ စစ်မှုထမ်းရအောင် ကိုယ့်နိုင်ငံက သူများနိုင်ငံနဲ့ စစ်ဖြစ်နေတာမှ မဟုတ်တာ။ ကိုယ့်လူအချင်းချင်း သူတို့ကသူတို့နေရာပျောက်မှာကြောက်လို့ ပြည်သူ လူထုကို ဓားစာခံအနေနဲ့ သုံးမှာဆိုတော့လည်း ဘယ်သူမှတော့ ထမ်းဖို့ဆိုတာမရှိဘူး။ တဖက်ဖက်ကို အမှန်တရားဘက်ကပဲ ထမ်းဖို့တာဝန်တော့ ရှိကြတာပေါ့”လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အသက်သွင်းမှုကို အထောက်အကူပြုတဲ့ လူပုဂ္ဂိုလ်မှန်သမျှနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း စစ်မှုထမ်းဥပဒေကို ပြည်သူလူထုတစ်ရပ်လုံး ဆန့်ကျင်တိုက်ဖျက်ကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ လာရောက်စစ်မှုထမ်းဆောင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံအပါအဝင် တခြားပြည်ပနိုင်ငံတွေကို အစုံအလိုက် အပြုံအလိုက် ထွက်ခွာတာတွေ ရှိနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်တာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်