မောင်တော၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ ရန်အောင်ပြင်ကင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

လက်နက်ချ အညံ့မခံတဲ့ ရန်အောင်ပြင်ကင်းစန်းကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီလောက်မှာ အ ပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

ရက္ခိုင့်တပ်တော် AA အနေနဲ့ မင်းပြားမြို့ရှိ စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို သိမ်းပိုက်ရရှိရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ မင်းပြားမြို့တို့မှာ လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီစစ်စခန်းတွေကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း တပ်စခန်းတွေ သိမ်းပိုက်ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ရက္ခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း မြို့ ၇ မြို့အထိ သိမ်းပိုက်ရရှိထားပြီး ရခိုင်ပြည်နယ်အတွင်း ကျန်ရှိတဲ့ မြို့တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.