ထားဝယ်၊ ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသက မေတ္တာမြို့ရဲစခန်းနဲ့ ဟိန္ဒားကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းတို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားတဲ့ ဟိန္ဒားကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းကို ဖေ ဖော်ဝါရီ ၂၂ ရက်နေ့၊ မေတ္တာမြို့ရဲစခန်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ အဲဒီစခန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်မတိုက်ခိုက်ခင်ကတည်းက စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အတွက် မီးရှို့ခဲ့တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေတ္တာမြို့နဲ့ မိုင်ဝက်ခန့်ဝေးတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းမှာ သွားရောက်ပူးပေါင်းသွားတယ်လို့ သိရပါတယ်။

အဲဒီစခန်းတွေကို မီးရှို့ဖျက်ဆီးစဉ် စစ်ကောင်စီဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ အဆက်မ ပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ထားဝယ်အရှေ့တောဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့စလို့ စစ်ကောင်စီတပ်နဲ့ တော်လှန် ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားနေတာပါ။

နှစ်ဖက်တိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က စစ်ကား ၇ စီးထက်မနည်း တိုက်ခိုက်ချေမှုန်းထားပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.