ကျိုက်ထို၊ ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာရှိ မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော် တပ်စွဲနေထိုင်နေတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နေ့လည် ၁ နာရီအ ချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က အထိနာခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးအနက် ၃ ဦးဟာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန် ရေးအင်အားစု KRF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း ဈေးသည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အနေနဲ့ များစွာစိတ်မကောင်းဖြစ်ရကြောင်းနဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့ တိုက်တွန်းထားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ မုပ္ပလင်ဂိတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေ ဆုံးကြောင်း ကြားသိရပေမယ့် အရေအတွက် အတိအကျမသိရဘူးလို့ ပြောပါတယ်။

မုပ္ပလင်စစ်ဆေးရေးဂိတ်ဟာ အာဏာသိမ်းကာလအတွင်း ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.