ထားဝယ်၊ ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစလို့ ထားဝယ်အရှေ့တောဒေသထဲ တပ်အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA အပါအဝင် PDF ပူးပေါင်းတပ်တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ဝကုန်း၊ သင်္ကန်းတုန်း၊ ကျောက်မဲတောင်၊ ဘဝပင်၊ လိပ်ကြယ်ပြောင်၊ သ ရက်ငုတ်၊ ပခပ်ရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံ ၃၀၀၀ ကျော် စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

စစ်ရှောင်ဒေသခံတွေဟာ ဘေးလွတ်ရာ ဥယျာဉ်ခြံတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အစားအသောက်အပါအဝင် နေရာထိုင်ခင်းကအစ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ဒေသခံတွေက ဆိုပါတယ်။

အချိန်တစ်ပတ်ကျော်ကြာ ဖြစ်ပွားနေတဲ့ ထားဝယ်အရှေ့တောတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ နီးပါး သေဆုံးထားပြီး တော်လှန်ရေးအင်အားစုဘက်က ၇ ဦး သေဆုံးထားတယ်လို့ ပူးပေါင်းတပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကား ၇ စီးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းထားပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိထားပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းကာလအတွင်း တနင်္သာ ရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူလူထု ၄၄၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.