ရွှေကျင်၊ ဖေဖော်ဝါရီ ၁၇

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး KNLA ဘက်ကလည်း ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ကနေ ရေဖြူကန်ကျေး ရွာထဲကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ၁၅ မိနစ်ကြာ တိုက်ပွဲငယ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး KNLA ပူးပေါင်းတပ်ဖွဲ့တို့ဘက်က ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီ ခလရ ၂၆၄ တပ်က လက်နက်ကြီး ၁၂၀ မမ ၁၁ လုံး ပစ် ခတ်ခဲ့တဲ့အတွက် ဂွင်းကုန်း၊ ပုဇွန်မြောင်း၊ အင်းဝိုင်းနဲ့ ညောင်ပင်ကြီးရွာဟောင်းထဲ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း တပ်အင်အား ၃၀ ပါတဲ့ စစ်ကောင်စီ ခမရ ၂၀ တပ်က ပုဇွန်မြောင်းကနေ ညောင်ပင်ကြီးကျေးရွာကို လှေနဲ့ ကူးသွားစဉ် KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့ဘက်ကလည်း ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့သလို နေ့လည် ၁၁ နာရီခွဲအချိန်မှာ ညောင်လေးပင်အခြေစိုက်တပ်စခန်းက လက်နက်ကြီး ၂ လုံး ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် ရေဖြူကန်ကျေးရွာ တံတားထိပ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဝိုင်ကျွန်းကျေး ရွာက ဒေသခံတစ်ဦးရဲ့ ကားတစ်စီး ထိမှန်ပျက်စီးခဲ့ပါတယ်။

KNU ရွှေကျင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၁၅ ရက်အတွင်း စစ်ကောင် စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်အလုံး ၂၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသ ခံပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း KNU ညောင်လေးပင်ခရိုင်ထဲမှာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေကြောင့် ဒေသ ခံပြည်သူ ၂၄၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.