တနင်္သာရီ၊ ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်နဲ့သရက်ချောင်းမြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် အရပ်သား၂ ဦး သေဆုံးပြီး၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က တနင်္သာရီမြို့နယ် မြို့ဟောင်းရွာနေ အဒေါ်ဖြစ်သူထံအလည်သွားတဲ့ အောက်ကင်းရွာသား အသက် ၂၄ နှစ်အရွယ် ကိုနေဇော်ဦးဟာ အမှတ်(၃၀၆) အမြောက် တပ်အနီး မြေမြှုပ်မိုင်းနင်းပြီး သေဆုံးခဲ့တာပါ။

အဲဒီနေ့မှာပဲ သရက်ချောင်းမြို့နယ် ကင်းရှေ့ကျေးရွာအနီး ရော်ဘာခြံအတွင်းမှာ ဆော့ကစားနေတဲ့ အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ညာဘက်ခြေ ထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် မြို့ဟောင်းရွာကနေ မော်တုန်းရွာဘက်ကို ပြန်လာတဲ့ မော်တုန်းရွာသား အသက် ၆၂ နှစ်အရွယ် ဦးဟာဂျီဟာ အမှတ်(၃၀၆)အမြောက်တပ်အနီး မြေမြှုပ်မိုင်းနင်းမိခဲ့ပြီး သေဆုံးသွားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၂ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ပန်းတော့ရွာအနီး ရော်ဘာခြံသွားလမ်းမှာ ရော်ဘာအစေးခြစ်သွားတဲ့ ကြာအင်းကျေးရွာနေ အသက် ၄၀ ကျော်အရွယ် ဒေါ်မြင့်သန်း မြေမြှုပ်မိုင်းနင်းမိပြီး ခြေဖဝါးပြတ်တောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီတပ်ရဲ့ အနီးပတ်ဝန်းကျင် ကိုက် ၃၀၀ အကွာပတ်လည်တွေမှာ အများဆုံး ဖြစ်ပွားနေတာလို့ ဆိုကြပါတယ်။

မြေမြှုပ်မိုင်း မကြာခဏပေါက်ကွဲလာတာကြောင့် တနင်္သာရီနဲ့သရက်ချောင်းမြို့နယ် ဒေသခံတွေဟာ လုပ်ငန်းခွင်သွားလာဖို့နဲ့ ခရီးသွားလာဖို့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပြီး မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ပေးဖို့ လိုလားနေကြပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း တနင်္သာရီတိုင်းမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.