နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၈

စစ်ကောင်စီဟာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် သက်ဆိုင်ရာခရိုင်နဲ့မြို့နယ်အပါအဝင် ရပ်ကျေးအဆင့်အထိ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းဖို့ ဖိအားပေးလာပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီအစည်းဝေးမှာ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေ အမြန်ဆုံးဖွဲ့စည်းဖို့ ဖိအားပေးလာတာပါ။

စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အပါအဝင် တိုင်းနဲ့ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်တဲ့အတွက် သက်ဆိုင်ရာခရိုင်နဲ့မြို့နယ်အပါအဝင် ရပ်ကျေးအဆင့်အထိ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းကြဖို့ ညွှန်ကြားလာတာပါ။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းပြီးပါက စစ်မှုထမ်းဆောင်ရမယ့် အရွယ် ရောက်သူတွေကို ဆင့်ခေါ်တာ၊ မှတ်ပုံတင်ထားရှိဖို့နဲ့ မှတ်ပုံတင်လက်မှတ်ရသူတွေကိုတော့ ဆင့် ခေါပြီး ဆေးစစ်တာတွေပြုလုပ်ဖို့ စစ်ကောင်စီဘက်က တွန်းအားပေးနေတာပါ။

ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဘက်က လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ပါက ငွေကြေးရှိသူ၊ တော်လှန်ရေးအင်အားစုနဲ့နီးစပ်သူတွေအပြင် အဆက်အ သွယ်မရှိသူဆိုပြီး လမ်းကြောင်း ၃ ခု ကွဲသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အဲဒီလိုလုပ်လာတော့ လမ်းကြောင်းသုံးကြောင်း ကွဲသွားမှာပေါ့ဗျာ။ ပိုက်ဆံတတ်နိုင်တဲ့သူတွေ အ ချက်အလက်ရှိတဲ့လူတွေက နိုင်ငံခြားထွက်ကြမယ်။ PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ နယ်တွေကတော့ နီးစပ်ရာတွေကို ဝင်ရောက်ကြတော့မှာပေါ့ဗျာ။ အဲဒီလိုဘာမှအချက်အလက်မရှိ အဆက်အသွယ်မရှိတဲ့ လူတချို့ကိုတော့ သူတို့အနေနဲ့ ဒီဥပဒေကိုသုံးပြီးတော့ စုစည်းနိုင်မယ့် အနေအထားရှိပါတယ်”လို့ သူက ဆိုပါတယ်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

စစ်မှုမထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်တာ၊ စစ်မှုမထမ်းနိုင်အောင် ကြိုးပမ်သူတွေကို အနည်းဆုံးထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

လူငယ်တစ်ဦးကတော့ စစ်မှုထမ်းဆောင်ဖို့ စစ်ကောင်စီဘက်က အတင်းအကျပ် လုပ်ဆောင်လာပါက ထွက်ပြေးတိမ်ရှောင်ဖို့သာ ရှိနေတယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“အကုန်လုံးကခေါင်းထဲမှာ ဒီအကြောင်းအရာကြီးပဲ အမြဲတမ်းစဉ်စားမိနေတာပေါ့။ အဲဒီလိုပုံစံ၊ စီးပွားရေးက မကောင်းတာနဲ့ နိုင်ငံရေးက အခုဆိုပိုပြီးတော့တောင် လူတောင်မရှိတော့ဘူးအခု။ အကြောင်းအရင်းကတော့ သူတို့ အဲဒီလိုမျိုး ဖြစ်လာရင်တော့ မဝင်ဘူး။ ကျွန်တော်တို့က ကျွန်တော်တို့နည်းလမ်းနဲ့ ကျွန်တော်တို့ ရှောင်ပြေးဖို့ပဲသွားမယ်။ ဘယ်လိုရှောင်ပြေးရမလဲ။ ဘယ်လို ထွက် ပေါက် ရှာရမလဲ။ နည်းလမ်းရှာရမှာပေါ့။ သူတို့ ဘက်ကြီးကိုဝင်ဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ”လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)ကို လာမယ့်သင်္ကြန်အပြီးမှာ စတင်သွားမှာ ဖြစ်ပြီး အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်း၊ တစ်နှစ် လူပေါင်း ၆၀၀၀၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အရွယ်ရောက်ပြီးသာ အမျိုး သား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်း နီးပါးရှိတယ်လို့ စစ်ကောင် စီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ ISP – Myanmar ရဲ့ အဆိုအရ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံရဲ့ ဖြစ်ထွန်းမှုလမ်းကြောင်းတစ်ခုလုံး မျိုးဆက်နဲ့ချီ အနုတ်လက္ခဏာအရွှေ့ဖြစ်သွားနိုင်တယ်လို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.