ရေး၊ ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ နေ့စဉ်ရက်ဆက် လက်နက် ကြီး ပစ်ခတ်တာအပြင် ကျေးရွာအနီးပတ်ဝန်းကျင်မှာ စစ်ကြောင်းလှည့်နေတာကြောင့် ရွာလုံး ကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကစလို့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျုံလောင်းကျေးရွာထဲကို နေ့တိုင်းနီးပါး လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာပါ။

အဲဒီနောက် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး ကျုံလောင်းကျေးရွာအနီးပတ်ဝန်းကျင်ရှိ ရော်ဘာခြံတွေနဲ့ ဥယျာဉ်ခြံတွေထဲ စစ်ကြောင်းလှည့်လည်သွားလာနေတာကြောင့် ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

မွန်လူမျိုးအများစုနေထိုင်တဲ့ ကျုံလောင်းကျေးရွာ ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ ရန်ကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝယ်ပေါင်အပါအဝင် ဝယ်ပသဲကျေးရွာဘက်တွေကို ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းလှည့်နေတဲ့အတွက် ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက်လုပ် ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၁၅၀ နီးပါး လူဦးရေ ၇၀၀ ကျော်နေထိုင်တဲ့ ကျုံလောင်းရွာဟာ ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေလည်း ဖြစ်ပါတယ်။

ကျုံလောင်းကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအပါအဝင် ဒေသခံတွေ ထွက် ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ကျုံလောင်းကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးထက်မနည်း ပျက်စီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.