ကိုင်ရို၊ ဖေဖော်ဝါရီ ၁၈

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းသားတွေကို ဆိုင်းနိုင်းကျွန်းစွယ်ဒေသကို နှင်ထုတ်မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပယ်ချတယ်လို့ အီဂျစ်အစိုးရ သတင်းအချက်အလက်ဌာန SIS က ပြောပါတယ်။

ရာဖာမြို့ကို အစ္စရေးဘက်က ထိုးစစ်ဆင်လာပါက ပါလက်စတိုင်းသားတွေ အစုလိုက်အပြုံ လိုက်ဝင်ရောက်လာနိုင်တာကြောင့် အီဂျစ်က ကြိုတင်သတိထားတဲ့အနေနဲ့ ဂါဇာနယ်စပ်က ဒေသတစ်ခုမှာ သူတို့ကို နေရာချထားပေးနိုင်အောင် စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။

အီဂျစ်အနေနဲ့ စစ်ပွဲစတင်ချိန်တည်းက ပြတ်ပြတ်သားသားရပ်တည်ခဲ့ပြီး ဂါဇာရှိ ညီအစ်ကိုတော် ပါလက်စတိုင်းသားတွေကို အတင်းအကျပ်ဖြစ်ဖြစ် သူတို့ရဲ့ သဘောတူညီမှုနဲ့ ဖြစ်ဖြစ် နှင်ထုတ်တာမရှိသလို အီဂျစ်နိုင်ငံထဲ လာခိုင်းတာမျိုးလည်း မရှိဘူးလို့ SIS အကြီးအကဲ ဒီယာရက်ချ်ဝန်က ပြောပါတယ်။

ပါလက်စတိုင်းသားတွေ အစုလိုက်အပြုံလိုက်ထွက်ပြေးလာမယ်ဆိုပါက အီဂျစ်ရဲ့ အချုပ်အခြာ အာဏာနဲ့ နိုင်ငံတော်လုံခြုံရေးအတွက် ပြင်းထန်တဲ့ အန္တရာယ်ရှိတယ်လို့ သူက ဆိုခဲ့တာပါ။

နယ်စပ်မှာ ကွန်ကရစ်အတားအဆီးတွေချပြီး ကရိန်းတွေ ဆောက်လုပ်ရေးကားတွေ အလုပ်လုပ်နေပုံကို တက်ကြွလှုပ်ရှားသူများအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆိုင်နိုင်းဖောင်ဒေးရှင်း က ဖော်ပြထားပါတယ်။

စစ်ပွဲမဖြစ်ခင်တည်းက အီဂျစ်ဟာ နယ်စပ်မှာကြားခံဇုန်တစ်ခုနဲ့ အတားအဆီးတွေချထားပြီးဖြစ်သလို ဒါတွေက ကိုယ့်နယ်စပ်လုံခြုံရေးနဲ့ အချုပ်အခြာအာဏာတည်တန့်ရေး ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမဆိုလုပ်ဆောင်မယ့် အလုပ်တွေဖြစ်တယ်လို့ ရက်ချ်ဝန်က ဆိုပါတယ်။

ပါလက်စတိုင်းသားတွေကို နှင်ထုတ်ဖို့ကြိုးပမ်းမှုတွေရှိလာခဲ့မယ်ဆိုရင်လည်း တားဆီးရေး လိုအပ်တဲ့ အစီအစဉ်တွေအားလုံးကို ချမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ဒီသီတင်းပတ်အစောပိုင်းက အီဂျစ်ဟာ ဖြစ်နိုင်ခြေရှိတဲ့ ဂါဇာငြိမ်းချမ်းရေးသဘောတူညီမှု အတွက် အမေရိကန်၊အစ္စရေး၊ကာတာတို့နဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ပါလက်စတိုင်းသားတွေ ထွက်မပြေးအောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဂါဇာနယ်စပ်မှာ အပစ်ရပ်ရေး သဘောတူညီမှုမရရှိနိုင်တယ်လို့ အီဂျစ်က ရှုမြင်ထားကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.