ရေးချောင်းဖျား ၊ ဖေဖော်ဝါရီ ၁၇

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းထားတဲ့ မွန်ပြည်သစ်ပါတီ AD အဖွဲ့အနေနဲ့ မိခင်ပါတီထံ ပြန်လာနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီက အသိပေးကြေညာပါတယ်။

ပြီးခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံမှာ စစ်ကောင်စီနဲ့ အဆက်သွယ်မဖြတ်ဘဲ ဆက်လက် ဆက်ဆံနေသင့်တယ်ဆိုတဲ့ဘက်က အားသာသွားတာကြောင့် မွန်ပြည်သစ် AD အဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ခွဲထွက်သွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးရေးကိစ္စအပေါ် မွန်ပြည်သစ်ပါတီအတွင်း လက်ခံသူနဲ့ လက်မခံသူစတဲ့ သဘောထားကွဲလွဲနေခဲ့တာကြာပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးကို လက်ခံထားသူအ ရေအတွက် များပြားတဲ့အတွက် လက်မခံသူတွေဘက်က အလျှော့ပေးခဲ့ရတာကို ကျေနပ်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုရက်ပိုင်းအတွင်း ဗဟိုကော်မတီအစည်းအဝေးကျင်းပဖို့ သက်ဆိုင်ရာဗဟိုကော်မတီဝင်တွေကို ဖိတ်ကြားထားပြီးဖြစ်ပေမယ့် အထွေထွေအတွင်းရေးမှူး နိုင်ဇေယျတို့ အဖွဲ့ဟာ အစည်းအဝေးတက်ရောက်လာခြင်းမရှိဘူးလို့ မွန်ပြည်သစ်ပါတီက ဆိုပါတယ်။

အဲဒီအပြင် နိုင်ဇေယျတို့အဖွဲ့ဟာ မော်လမြိုင်ခရိုင် ပါတီရှင်းလင်းရေးခရီးစဉ်သွားရောက်ချိန်မှာ အခွင့်ကောင်းယူ မိခင်ပါတီကနေခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့) အမည်ခံကာ ခွဲထွက်သွားတာလို့ ထုတ်ပြန်ချက်မှာ အသိပေးဖော်ပြပါတယ်။

အမျိုးသားလွတ်မြောက်ရေးအတွက် မွန်တစ်မျိုးသားလုံးအနေနဲ့တစ်သံတည်းထွက်ပေါ်စေရေးနဲ့ မွန်ပြည်သစ်ပါတီရဲ့ ဦးဆောင်မှုအခန်းကဏ္ဍလည်း တစ်စုတစ်စည်းတည်းဖြစ်စေဖို့ အလွန်အရေး ကြီးတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီက ဆိုပါတယ်။

ဒါကြောင့် မွန်ပြည်သစ်ပါတီအနေနဲ့ သံဃာတော်တွေ မျိုးချစ်ပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီး ခွဲထွက်သွားသူတွေကို မိခင်ပါတီထံ ပြန်လာနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မွန်ပြည်သူတွေကို အသိပေးကြောင်းကြားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ခွဲထွက်အဖွဲ့ မွန်ပြည်သစ်ပါတီ AD ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဒု အဖွဲ့ခေါင်းဆောင် (၁)နိုင်ဗညားလယ်ကတော့ မွန်ပြည်သစ်ပါတီ ကြေညာချက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်မပေးလိုပေမယ့် စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းမှုအတွင်း ပေါ်ပေါက်လာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကတော့ မွန်ပြည်သစ်ပါတီ AD ရဲ့ စစ်ကြေညာချက်ကို ကြိုဆိုထောက်ခံကြပြီး စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

မွန်ပြည်သစ်ပါတီ AD အနေနဲ့ စစ်ကြေညာချက်ထုတ်ပြန်ပြီး ဒီကနေ့အထိ တရားဝင် တိုက်ပွဲဖော်ဆောင်ခြင်း မရှိသေးပေမယ့် မွန်လူထုတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ၊ ဗုံးခိုကျင်းထားကြဖို့ နဲ့ ရိက္ခာ‌ခြောက်တွေ တစ်နိုင်တစ်ပိုင် ပြင်ထားကြဖို့ စစ်ရေးအကဲခတ်တွေက တိုက်တွန်းထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.