ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် ဒရုန်းအ သုံးပြု ပစ်ခတ်မှုတွေကြောင့် ဒေသခံအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်က ဝေါမြို့နယ် လက်ပံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ခရွဲကျေးရွာထဲကို ဒရုန်းနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက် ကြီး ၂ လုံးလည်း ပစ်ခတ်ခဲ့တာပါ။

စစ်တပ်လက်နက်ကြီးကြောင့် ခရွဲကျေးရွာနေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းကျည်စထိမှန် ဒဏ်ရာရရှိခဲ့တဲ့အတွက် သိမ်ဇရပ်တိုက်နယ်ဆေးရုံထံ ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။

ခရွဲကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၃ လုံးထက်မနည်း ထိ ခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတွေတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီပစ်ခတ်မှုဟာ စစ်တပ်လော်ဘီတွေက ခရွဲကျေးရွာထဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ခိုအောင်းနေကြောင်း လှုံ့ဆော်ပြီးနောက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ပါ လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် သုံးခွကျေးရွာထဲ စစ်ကောင်စီတပ် လက် နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.