ဖာပွန်၊ ဖေဖော်ဝါရီ ၁၆

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ် ရှေ့တန်းစခန်း ၂ ခု ဆုတ်ခွာထွက်ပြေးသွားပြီး နောက်ထပ်တပ်စခန်း ၁ ခုကိုလည်း အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက် ပိတ်ဆို့ထားတယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက် ၆ နာရီအချိန်က KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ လယ်ကလေကျိုးမှာရှိတဲ့ စစ်ကောင်စီ ခမရ ၃၄၉ ရှေ့တန်းတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကိုစွန့်ခွာပြီး ကျူလူမှာတပ်စွဲထားတဲ့ တပ်ဖွဲ့တွေနဲ့ ပြန်လည်ပူးပေါင်းခဲ့ကြတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက် ၆ နာရီအချိန်မှာလည်း ကျူလူတပ်စခန်းကနေ တဆင့် ထပ်မံစွန့်ခွာပြီး အတွင်းပိုင်းကျတဲ့ မော်ဖူးဗျူဟာစခန်းဘက်ကို ပြန်လည်ပူးပေါင်းကြတယ်လို့ တပ် မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆုတ်ခွာသွားခဲ့တဲ့ စခန်း ၂ ခုက စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ပူးပေါင်းခဲ့ကြတဲ့ မော်ဖူးဗျူဟာစခန်းကို KNLA တပ်မဟာ ၅ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက လက်ရှိမှာ အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့လျက်ရှိတယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။

စစ်ကောင်စီတပ် စွန့်ခွာသွားခဲ့ကြတဲ့ ကယ်ကလေကျိုးစခန်းဟာ ၁၉၉၇ ခုနှစ်က လာရောက်အခြေချတပ်စွဲထားတာဖြစ်ပြီး ကျူလူစခန်းကတော့ ၂၀၀၇ ခုနှစ်က လာရောက်တပ်စွဲထားဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲကို ကျူးကျော်လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းတွေကို နေ့စဉ်ဝိုင်းဝန်းတိုက်ခိုက် ပိတ်ဆို့ခဲ့တာဖြစ်တဲ့အတွက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာလမ်းတွေ၊ စားနပ်ရိက္ခာပို့ဆောင်ရာလမ်းတွေနဲ့ သောက်သုံးရေဆင်းခပ်ရာ လမ်း ကြောင်းတွေကို မြေပြင်ခြေလျင်နဲ့ အသုံးပြုလို့မရတော့ဘူးလို့ ဆိုပါတယ်။

မြေပြင်လမ်းပိုင်းမှာ အသုံးပြုလို့မရတော့တဲ့ နောက်ပိုင်းစစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့သာ အသုံးပြုနေရပြီး ရဟတ်ယာဉ်တွေနဲ့ ရေရှည်ပို့ဆောင်နိုင်ခြင်း မရှိတော့တဲ့အတွက် တပ်စခန်းတွေကို စွန့်ခွာရုတ်သိမ်းလိုက်ရကာ မနီးမဝေးရှိ ဗျူဟာတပ်စခန်းတွေမှာ ပြန်လည်ပူးပေါင်းလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ ၂ တောင်ငူခရိုင်ထဲမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်စခန်း ၆ ခုထက်မနည်း စခန်းကိုစွန့်ခွာထွက်ပြေးခဲ့ကြပြီး KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တက်ရောက်ရှင်းလင်းခဲ့ကြတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.