သထုံ၊ ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုအတွင်း ပရိုဘောက်ကားပေါ်ပါလာသူ ၇ ဦးလုံး သေဆုံးသွားတယ်လို့ လူမှုကယ် ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကို မောင်းနှင်လာတဲ့ တွဲကားနဲ့ဘီးလင်းဘက်ကနေ သထုံဘက်ကို မောင်းနှင်းလာတဲ့ ပရိုဘောက်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် ပရိုဘောက်ကားပေါ်ပါလာသူ အမျိုးသား ၅ ဦး၊ အမျိူးသမီး ၂ ဦး စုစုပေါင်း ၇ ဦးလုံး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားပြီး ကားအတွင်းညှပ်နေတဲ့ အလောင်းတွေကို ဆွဲထုတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ လူသေဆုံးမှုဖြစ်ခဲ့တဲ့ ပရိုဘောက်ကားပေါ်ပါသူတွေဟာ သံဖြူဇရပ်ဘက်ကလို့သာ သိရပေမယ့် ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ်မသိရသေးပါဘူး။

ယာဉ်နှစ်စီးတိုက်မိချိန် ပရိုဘောက်ကားဟာ တွဲကားအောက်ဝင်ပြီး လမ်းဘေးမြေသားနံရံနဲ့ညှပ်နေတာကြောင့် သေဆုံးသူတွေရဲ့ အလောင်းတွေကို ဆွဲထုတ်ဖို့ ကရိန်းကား လိုအပ်နေတယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူတွေဟာ အသက် ၂၀ အရွယ်ကနေ အသက် ၅၀ ကျော်အထိ ရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေသာဖြစ်တယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.