ရေးချောင်းဖျား၊ ဖေဖော်ဝါရီ ၁၆

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာကို ဖေ ဖော်ဝါရီ ၁၅ ရက်နေ့က ပါတီဗဟိုဌာနချုပ်မှာ ဝီရဟံသာဘွဲ့တံဆိပ် ဂုဏ်ပြုပေးအပ်တဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မွန်ပြည်သစ်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ဂုဏ်ပြုဘွဲ့တံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ကမ္ဘာလုံးဆိုင်ရာ မွန်ဆက်ဆံရေးအဖွဲ့က ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပြီး မွန်သံဃာတော်တွေ၊ အရပ်သားပြည်သူတွေအပါအဝင် တာဝန်ရှိသူတွေနဲ့ မွန်ပြည်သစ်ပါတီက ရဲဘော်တွေ တက်ရောက်ခဲ့ကြတာပါ။

နိုင်ဟံသာဟာ မွန်လူမျိုးတွေ ကျွန်ဘဝကနေ လွတ်မြောက်ဖို့ မွန်ပြည်သစ်ကို တစ်ဖန်ထူထောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၆၈ ခုနှစ်မှာ မိမိရဲ့ ရပ်ရွာဒေသကို စွန့်ခွာပြီး တော်လှန်ရေးနယ်မြေ မွန်ပြည်သစ်ပါတီဆီကို ထွက်လာခဲ့သူပါ။

မွန်ပြည်သစ်ပါတီမှာ နိုင်ဟံသာက တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့ပြီး ပါတီရဲ့ ၁၀ ကြိမ်မြောက် ညီ လာခံမှာ ပါတီဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ဟံသာဟာ မွန်အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်အပြင် ဘဝတူတိုင်း ရင်းသား‌တွေနဲ့ ကမ္ဘာ့အဖွဲ့အစည်း‌တွေကို မဟာမိတ်ဆက်ဆံရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သူပါ။

တစ်ဖက်မှာတော့ ကလောင်လက်နက်နဲ့ သီချင်း၊ ဝတ္တု၊ ပြဇာတ် ၊ ဆောင်းပါး၊ စာအုပ်အရေအတွက်များစွာကိုလည်း ရေးသားခဲ့သူဖြစ်ပါတယ်။

ဒီလိုမျိုးဂုဏ်ထူးတွေနဲ့ ကိုယ်ကျိုးအတ္တအမျိုးမျိုးကို စွန့်လွှတ်ပြီး မွန်အမျိုးသားလွတ်မြောက်ရေးအတွက် မွန်လူမျိုးနဲ့ မွန်ပြည်အတွက် အသက်ပေးစွန့်ရဲတဲ့အပေါ် ကမ္ဘာလုံးဆိုင်ရာ မွန်ဆက်ဆံရေးအဖွဲ့ကနေ ဝီရဟံသာဘွဲ့တံဆိပ် ပေးအပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဇွဲရှိမှု၊ ရဲရင့်မှု၊ မြင့်မြတ်မှု‌တွေရှိတဲ့ ဝီရဟံသာဘွဲ့တံဆိပ်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဂုဏ်ထူးဆောင် ဥက္ကဌကြီး နိုင်ထောမွန်ကို ပထမဦးဆုံး ပေးအပ်ခဲ့တာဖြစ်ပြီး အခုအခါမှာ ဥက္ကဌ နိုင်ဟံသာဟာ ဒုတိ ယမြောက်အဖြစ်ရရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.