မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးထွန်းက အနှိပ်ခန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို ထိုးကြိတ်ရိုက်နှက်မှု ပြုလုပ်ခဲ့တဲ့ CCTV ရုပ်သံဖိုင်ဟာ အခုရက်ပိုင်းအတွင်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီရုပ်သံဖိုင်ကို သံလွင်တိုင်းမ်က လေ့လာစိစစ်ကြည့်ရာမှာတော့ အခုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့ Royal Mawlamyine Hotel မှာ ဖြစ်ပွားခဲ့တာပါ။

ရုပ်သံဖိုင်မှတ်တမ်းအရ အရက်မူးနေတဲ့ ဦးစိုးထွန်းဟာ အခန်းတစ်ခုကနေ အတူထွက်လာတဲ့ အနှိပ်ခန်း အလုပ်သမအမျိုးသမီးကို အခန်းအရှေ့မှာပဲ ဆဲဆိုတာတွေ ပြုလုပ်ပြီးနောက် လက်သီးနဲ့ ထိုး ကြိတ်ရိုက်နှက်တာ ခြေထောက်နဲ့ ဆောင့်ကန်တာတွေ ကျူးလွန်ခဲ့ပါတယ်။

အဲဒီနောက် ဟိုတယ်ဝန်ထမ်းတွေက ထိုးကြိတ်ရိုက်နှက်မှုတွေ ကျုးလွန်နေတဲ့ ဦးစိုးထွန်းကို ဝိုင်းဝန်းတားဆီးခဲ့ပေမယ့် ဦးစိုးထွန်းဟာ အမျိုးသမီးဖြစ်သူကို ထပ်မံကိုယ်ထိလက်ရောက်မှု ကျုးလွန်ဖို့ ကြိုးပမ်းတာ တွေ့ ရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကတော့ အခုလုပ်ရပ်ဟာ လူ့အခွင့်အရေးအပြင် အမျိုးသမီးအခွင့်အရေးတွေပါကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်တာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကြံံခိုင်ရေးအတွင်းရေးမှူးပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်၊ အမျိုးသမီးမှမဟုတ်ဘူး။ ကျန်တဲ့တစ်ဖက် သားအပေါ်မှာ တရားလက်လွတ် ပြုမူခွင့်မရှိပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးသူငယ်တွေဆိုရင် ပိုပြီးတော့တောင် ကျူးလွန်ခွင့်မရှိဘူးလို့ ကျွန်မကတော့ အဲဒီလိုယူဆပါတယ်။ သူ့ရဲ့ စားဝတ်နေရေးအခြေအနေအရ၊ စီးပွားရေးရှာစားရတဲ့အခြေအနေမျိုးမှာ အဆင်မပြေဘူးဆိုရင်တောင် နှုတ်နဲ့ပြောဖို့ပဲရှိပါတယ်။ ကိုယ်ထိလက်ရောက် ရိုက်နှက်ကျူးလွန်တယ်ဆိုတာက မိသားစုထဲမှာတောင်လုပ်လို့ မရတဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့်သူဟာ မိန်းကလေးအခွင့်အရေးရော၊ လူ့အခွင့်အ ရေးရော ရှူထောင့်တွေအားလုံးက ကြည့်ရင်တော့ မလုပ်သင့်မလုပ်ထိုက် တဲ့ အလုပ်တစ်ခုကို ကျူး လွန်တာဖြစ်တယ်” လို့ ဆိုပါတယ်။

အခုလို အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက်မှုကျူးလွန်မှုတွေကို လက်ရှိအချိန်မှာ ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိပေမယ့် နောက်ပိုင်းအသွင်းကူပြောင်းရေးကာလမှာ အရေးယူနိုင်ဖို့ မှတ်တမ်းထားရှိသွားမယ်လို့ သူကဆိုပါတယ်။

အမျိုးသမီးတစ်ဦးအပေါ် အပြင်းအထန် နာကျင်စေရန် ရည်ရွယ်ချက်နဲ့ ကိုယ်ထိလက်ရောက်မှု ကျုးလွန်ခဲ့တဲ့ မော်လမြိုင်ခရိုင် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးစိုးထွန်းကိုတော့ စစ်ကောင်စီရဲတပ်ဖွဲ့ဘက်ကလည်း ဖမ်းဆီးအရေးယူတာ မရှိသေးပါဘူး။

ရှေ့နေတစ်ဦးကတော့ အမျိုးသမီးတစ်ဦးအပေါ် ကိုယ်ထိလက်ရောက်မှုကျူးလွန်ခဲ့တဲ့ ဦးစိုးထွန်းရဲ့ လုပ်ရပ်ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၄ အရ ထောင်ဒဏ်အပြင်ငွေဒဏ်ပါ ချမှတ်နိုင်တယ်လို့ ပြောပါတယ်။

“စတင်ပြီးကျူးလွန်ကတည်းက သူကဒေါသတကြီး အားပါပါနဲ့ ထပ်ခါထပ်ခါရိုက်နှက်တာကိုတွေ့တယ်။ တခြားသူတွေက သူရိုက်နှက်တာကိုတွေ့လို့ ဝင်ရောက်ဖျန်ဖြေတာတောင် ကျေနပ်မှုမရှိသေးပဲနဲ့ ထပ်မံပြီးရိုက်နှက်ဖို့ ကြိုးစားနေတာကိုလည်း တွေ့ရတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် ဒီအမျိုး သားဟာ ပုဒ်မ၃၅၄ကို ထင် ထင်ရှားရှားဖောက်ဖျက်ကျူးလွန်တာကို တွေ့ရပါတယ်။ ဒီပုဒ်မအရ ထောင်ဒဏ်အပြင် ငွေဒဏ်သာကျသင့်နိုင်ပါတယ်” လို့ ဆိုပါတယ်။

မော်လမြိုင်ခရိုင် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးစိုးထွန်းဟာ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းရဲ့ လူယုံလက်ရင်းတစ်ဦး ဖြစ်သလို စစ်ကောင်စီ ကျင်းပမယ့် အထွေထွေရွေး ကောက်ပွဲပြီးရင်း ဝန်ကြီးအဖြစ် ခန့်အပ်ခံရမယ့်သူလို့ ပါတီအတွင်း ထင်ကြေးပေးနေကြတာပါ။

အမျိုးသမီးတစ်ဦးအပေါ် ကိုယ်ထိလက်ရောက်မှု ကျူးလွန်ခဲ့တဲ့ ဦးစိုးထွန်းရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာအမျိူးသမီးများသမဂ္ဂ BWU ရဲ့ မှတ်တမ်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်ပါးစေတွေဟာ အမျိုးသမီးတွေကို လိင်းပိုင်ဆိုင်ရာ အကြမ်းဖက်တာ၊ ဖမ်းဆီးရိုက်နှက်နှိပ်စပ်သတ်ဖြတ်တာတွေအပြင် လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေ ရှိခဲ့တယ်လို့ အခုနှစ်ဆန်းပိုင်းမှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာ သိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ အမျိုးသမီး ၃၃၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး သေဆုံးသူ ၈၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.