ဘန်ကောက် – ဖေဖော်ဝါရီ ၁၆

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာရှိတဲ့အဆင့်မြင့်ကွန်ဒိုအခန်းတစ်ခုမှာ မြန်မာနိုင်ငံသားလုပ်ငန်းရှင် တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ နိုင်ငံခြားသားနှစ်ဦးကို ဖမ်းဆီးရမိရေး ထိုင်းရဲတပ် ဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

အစောပိုင်းသတင်းတွေမှာ သံသယရှိသူတွေဟာ စကော့တလန်နိုင်ငံသားတွေဖြစ်တယ်လို့ ဖော်ပြ ထားပေမယ့် ကင်မရွန်းနိုင်ငံသားတွေဖြစ်တဲ့ အမျိုးသားနှစ်ဦးဟာ သေဆုံးသူဆီက ဘတ်ငွေ ငါးသန်းကိုယူပြီး စင်္ကာပူနိုင်ငံကိုထွက်ပြေးသွားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ဆိုထားပါ တယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၁ နာရီခွဲမှာ ရဲတပ်ဖွဲ့က သတင်းရရှိပြီးနောက် သွားရောက်စစ်ဆေးချိန်မှာ ဆူခွန်ဗစ် ဒေသက ကွန်ဒို တစ်လုံးရဲ့ ၂၃ လွှာက အခန်းတစ်ခုထဲမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင်ဟာ မျက်နှာ၊နားရွက်နဲ့ ဦးခေါင်းတို့မှာ ဆိုးရွားတဲ့ ဒဏ်ရာတွေနဲ့ လဲကျ နေတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ မွေးစားမိခင်ဆိုသူ မျက်မြင်သက်သေက လူသတ်သမားတွေဟာ သူ့ကို လည်ပင်းညှစ်သတ်ခဲ့တာကြောင့် သလိလစ်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေကို စကားပြန်က တဆင့်ပြောဆိုထားပါတယ်။ 

သံသယရှိသူနှစ်ဦးဟာ ရော်ဘင်ဟင်ဆာဟာ ခေါ် ဝီလျံ ၃၂ နှစ်နဲ့ ဗီစီယို ဒီလော့မမ်ဂိန်းကမ် ခေါ် ဂျွန် ၃၆ နှစ် ဖြစ်ပြီး နှစ်ဦးလုံးဟာ ကင်မရွန်းနိုင်ငံသားတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့နှစ်ဦးဟာ ထိုင်းနိုင်ငံကိုကမ္ဘာလှည့်ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာပြီး သောင်ဆာသွန်ဒေသ မှာရှိတဲ့ ရှိသွန်မဟာမတ်အရပ်က တိုက်ခန်းမှာ နေထိုင်းခဲ့ကြပြီးနောက် မြန်မာစီးပွားရေးလုပ်ငန်း ရှင်ရဲ့နေအိမ်ကနေ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းက ထွက်ခွာသွားကြတာဖြစ်ပါတယ်။

အဲဒီနောက်သူတို့ဟာ သောင်ဆာလွန်ဒေသက သူတို့ရဲ့ တိုက်ခန်းကိုပြန်သွားခဲ့ပြီး ဒွန်မူအန်ဒေကို တက္ကစီနဲ့ သွားရောက်ကာ အဲဒီနေ့မနက် ၅ နာရီမှာတော့ စင်္ကာပူနိုင်ငံကို လေယာဉ်နဲ့ လိုက်ပါသွား ခဲ့ကြတာပါ။

လက်ရှိမှာတော့ သံသယရှိသူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် အင်တာပိုလ်ကို အသိပေးဖို့ ရဲတပ်ဖွဲ့က သံရုံးအရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

ရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာတွေကို စစ်ဆေးချိန်မှာ အခင်းမဖြစ်ခင်ရက်က အဲဒီအခန်းမှာ သေဆုံးသူ၊မျက်မြင်သက်သေနဲ့ သံသယရှိသူ နှစ်ဦးရှိနေတယ်လို့ တွေ့ရပြီး မျက်မြင်သက်သေ ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ည ၁၁ နာရီက ဓာတ်လှေကားထဲက ထွက်လာပြီး လုံခြုံရေး အစောင့်ကို သွားအသိပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ 

သေဆုံးသူ မြန်မာအမျိုးသားဟာ ထိုင်းကိုမကြာခဏလာရောက်လေ့ရှိသူဖြစ်ပြီး ဘန်ကောက်နဲ့ ရန်ကုန်ကြား၊ဘန်ကောက်နဲ့ ဟနွိုင်းကြား ခရီးစဉ် ၅၂ ကြိမ်လောက်သွားလာခဲ့တယ်လို့ မျက်မြင် သက်သေက ပြောပါတယ်။

အခင်းဖြစ်ပွားရာ အခန်းထဲမှာလည်း ခရီးဆောင်အိတ်နှစ်လုံးတွေ့ရပြီး တစ်လုံးထဲမှာ သေဆုံးသူ ရဲ့ စာရွက်စာတမ်းတွေ တွေ့ရကာ နောက်တစ်လုံးထဲမှာတော့ အဝတ်တွေနဲ့ ငွေအတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ပန်းရောင်ဓာတုပစ္စည်းအမှုန့်တွေကို တွေ့ရတယ်လို့လည်း ရဲတပ်ဖွဲ့က အသိပေးထား ပါတယ်။

ဒါ့အပြင် ငွေစက္ကူတွေနဲ့တူတဲ့ အနက်ရောင်စက္ကူအထပ်လိုက်ထည့်ထားတဲ့ စက္ကူအိတ်တစ်လုံး ကိုလည်း ရဲတပ်ဖွဲ့က ရှာတွေ့ထားတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ လုပ်ငန်းအကြောင်းကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေပြီး နောက်ထပ်ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက်တွေသိရဖို့ မြန်မာသံရုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ သိရပါ တယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.