မဲဆောက်၊ ဖေဖော်ဝါရီ ၁၆

မြန်မာစစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လက်နက်ကိုင်အဖွဲ့အစည်းအများအပြားရှိတဲ့ မြဝတီမြို့ကို အများကြီး သက်ရောက်နိုင်မှာမဟုတ်ပေမယ့် အတင်းအကျပ်အကောင်အထည်ဖော်ခဲ့ရင် လူငယ်တွေဟာ BGF DKBA နဲ့ PC လို အဖွဲ့အစည်းတွေထဲ အလုံးအရင်း ဝင်ရောက်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တော်လှန်ရေးအတွက်မဟုတ်တဲ့ စီးပွားရေးလို အခြားအကြောင်းပြချက်တွေအပေါ်အခြေခံကာ အာဏာကို အလွဲသုံးစားလုပ်ရင်လည်း မြို့ခံလူထုအနေကတော့ မိအေး ၂ ခါ နာ ဆိုသလို ဖြစ်နိုင်တယ်လို့ Border Echo ရဲ့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ရာထူးကို အမည်ခံယူကာ လောင်းကစား၊ အာဝါဒေးလို တရားမဝင် စီးပွားရေးတွေ များပြားလာနိုင်တာပါ။

နောက်ဆက်တွဲအကျိုးဆက်တွေကြောင့် လူထုဟာ လုပ်ကိုင်စားသောက်ရတာ မလွယ်ကူနိုင်တော့ဘူးလို့ မြဝတီမြို့ နေ ပြည်သူတစ်ဦးက  Border Echo ကို အခုလို ပြောပါတယ်။

“မြဝတီမှာကျတော့ ထွေ‌ထွေထူးထူးဘာမှကြီး သိပ်စိတ်ပူစရာမရှိဘူးလေ အဖွဲ့အစည်းတွေ တအားများတာကိုး။ အကုန်လုံး (လူငယ်) အဖွဲ့အစည်းတွေထဲ ဝင်လိုက်လို့ရှိရင် ကရင်  KNU တောင် အင်အားကောင်းသွားတာပေ့ါ။ အားလုံး ဒီ BGF ထဲ ဝင်ကုန်မယ်၊ DKBA ထဲဝင်ကုန်မယ်၊ PC ထဲ ဝင်ကုန်မယ်၊ အကုန်လုံးအင်အားကောင်းသွားမှာပေ့ါ။ကရင်က အင်အားကောင်းသွားမယ်။ ဒါပေမယ့် တစ်ခုပဲရှိတာက လူတအားများလာလို့ရှိရင် ‌နောက်ဝင်လာမယ့်လူတွေကရော စစ်မှုထမ်းကြမှာမဟုတ်ဘူး။ အကုန်လုံးက စီးပွားရေးတာဝန်ခံတွေချည်းပဲ လုပ်လို့ရှိရင် မြို့နေလူထုက စီးပွားရေးမှာ ကျင်းထဲ ကျပ်ထဲကို ရောက်သွားလိမ့်မယ်။ အဲဒီလိုမျိုးတွေကျရင် ကျန်တဲ့ လူတွေ လုပ်ကိုင်စားသောက်ရတာ မလွယ်ကူနေတော့ဘူး။ လောင်းကစားတွေ ဘာတွေ တအားကိုများလာမယ်။ နောက်ပြီးတော့ မြို့ထဲမှာ အဖွဲ့အစည်းကားတွေ တဝီဝီနဲ့ အူနေမှာပေ့ါနော်။ ဒီလိုပေ့ါ” လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းမှုဥပဒေဟာ မြဝတီအပါအဝင် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ လူငယ်နဲ့အရွယ်ရောက်ပြီးသား လူအများအပြားကို ပြည်ပ စွန့်ခွာဖို့ ပိုမိုတွန်းပို့သလို ဖြစ်စေတဲ့အပြင် နယ်စပ်မျက်နှာစာဖြစ်တဲ့ မြဝတီလမ်းကြောင်းမှတဆင့် တရားဝင်ဖြစ်စေ၊ တရားမဝင်တောလမ်းကဖြစ်စေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဝင်ရောက်မှု များလာနိုင်တာပါ။

အဲဒီဥပဒေပြဌာန်းပြီး ရက်ပိုင်းအကြာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာပဲ နိုင်ငံစွန့်ခွာထွက်ပြေးလာတဲ့ မြန်မာလူငယ် ၄၀ ကျော်ကို ဖို့ဖရတ်မြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံရဲ့ လဝက ဥပဒေအရ အရေးယူသွားမယ်လို့ ဗွီအိုအေ မြန်မာပိုင်းသတင်းဌာနက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ သတင်းအစီရင်ခံထားပါတယ်။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ဟာ လူဦးရေ တစ်သိန်းနီးပါး နေထိုင်တာ ဖြစ်ပြီး အများစု နယ်စပ်စီးပွားရေးအပေါ် အခြေခံပြီး လုပ်ကိုင်စားသောက်နေကြတာပါ။

လတ်တလောမှာတော့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ရဲ့ နိုင်ငံကူးချစ်ကြည်ရေးတံတားအမှတ် (၁) ကို ပိတ်ပစ်နိုင်တယ်လို့ ကောလဟာလသတင်းတွေထွက်ပေါ်နေပြီး Border Echo မှ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လူငယ်တွေ နိုင်ငံကနေ စွန့်ခွာနိုင်တာကြောင့် တံတားကို ပိတ်ပစ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ မြို့ခံလူငယ်တစ်ဦး အခုလိုပြောပါတယ်။

“စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးတဲ့နောက်မှာ လူငယ်တွေ အမြောက်အများ တိုင်းပြည်ကနေ စွန့်ခွာသွားမှာ ကြောက်တဲ့အတွက် အမှတ် ၁ တံတားကို ပိတ်ဖို့ စီစဉ်တာလို့ ယူဆရပါတယ်”လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်အချက်အချာတွေထဲက တစ်ခုဖြစ်တဲ့ မြဝတီမြို့ဟာ ကုန်သွယ်ရေးအပြင် စားသောက်ဆိုင်လုပ်ငန်း၊ ဟော်တယ်လုပ်ငန်း၊  ဆောက်လုပ်ရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ လောင်းကစား၊ ကာစီနိုစတဲ့ စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်နိုင်တဲ့ ဒေသခံ လူမှုအဖွဲ့အစည်းဟာ ဝင်ငွေအတော်အတန်ခိုင်မာတာပါ။

ဒါကြောင့်လည်း စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းဥပဒေကို အတင်းအကျပ် အကောင်အထည်ဖော်ရင်လည်း လာဘ်ထိုးပြီး ရှောင်ကွင်သွားဦးမှာဖြစ်တယ်လို့ အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံကို အာဏာသိမ်းယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်ကောင်စီဟာ ၃ နှစ်တာကာလတွင်း နိုင်ငံကို ဥပဒေအမျိုးမျိုးထုတ်ပြန်ကာ ထိန်းချုပ်ဖို့ ကြိုးစားနေရဆဲ အခြေအနေသာ ရှိနေတာပါ။

နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းဖို့ဆိုတဲ့ ဥပဒေကိုလည်း နောက်ဆုံးမှာအတည်ပြုခဲ့ပြီး ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားအားလုံးအတွက် ရွေးချယ်စရာနည်းပြီး ပိုမိုကျဉ်းမြောင်းတဲ့ အခြေအနေတစ်ခုကို တွန်းပို့နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ အကျင့်ပျက်လာဘ်စားမှုကို လမ်းဖွင့်ပေးလိုက်သလိုမျိုးဖြစ်ရာကနေ အဂတိလိုက်စားမှု ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ နိုင်ငံရေးအကဲဖြတ်တွေက သုံးသပ်ထားကြပါတယ်။

သတင်း – Border Echo  

+++++++++++++++++++++++++++++++++++++++++++++++++++++

Border Echo  ရဲ့ ရေးသားမှုကို သံလွင်တိုင်းမ်အနေနဲ့ ထပ်ဆင့်ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.