ဂျကာတာ၊ ဖေဖော်ဝါရီ ၁၆

အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ပရာဘိုဝို ဆူဘီယန်တိုက ရွေးကောက်ပွဲအပြီး နာရီပိုင်းမှာပဲ သူအနိုင်ရတယ်လို့ ပြောခဲ့ပြီး နိုင်ငံသားအားလုံးကို ဦးဆောင်ပြီး ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ ပြောပါတယ်။

လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ သားဖြစ်သူ ပရာဘိုဝိုရဲ့ ဒုသမ္မတအဖြစ် ရွေးကောက်ပွဲ ပြိုင်ပွဲဝင်ခဲ့သူ ဂျီဘရန် ရာကာဘူမင်းရာကာကို ဘေးမှာထားပြီး ပရာဘိုဝိုက ဒီအောင်ပွဲဟာ အင်ဒိုနီးရှား နိုင်ငံသားအားလုံးအတွက် ဖြစ်ပြီး မိမိတို့နိုင်ငံဟာ တခါထပ်ပြီး စည်းလုံးကြရမယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံသားအားလုံးအတွက် သူတို့နှစ်ဦးဟာ သမ္မတနဲ့ ဒုတိယသမ္မတ ဖြစ်လာမယ့်သူတွေကို ကြေညာထားပြီး နိုင်ငံအတွင်းအတော်ဆုံးလူတွေကို စုစည်းကာ အစိုးရဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အမှီအခိုကင်းတဲ့ မဲအမြန်ရေတွက်မှု ရလဒ်အရ ပရာဘိုဝိုဟာ မဲ ၆၀ ရာခိုင်နှုန်းနီးပါး ရရှိထားတယ် လို့ ဖော်ပြထားသလို နာမည်ကျော် မဲစာရင်း စောင့်ကြည့်ရေးအဖွဲ့တွေကတော့ ပရာဘိုဝိုဟာမဲ ၅၈ ရာခိုင်နှုန်းရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီအရေအတွက်ဟာ သူ့ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ အန်နီးစ် ဘတ်စ်ဝီဒန် မဲ ၂၅ ရာခိုင်နှုန်းနဲ့ ဂန်ဂျာ ပရာနိုဝို မဲ ၁၆ ရာခိုင်နှုန်းတို့ထက် ပရာဘိုဝိုဟာ ကောင်းကောင်းကြီး အသာရနေတာပါ။

ဒါပေမယ့် ဘတ်စ်ဝီဒန်နဲ့ ဂန်ဂျာတို့ကတော့ သူတို့ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်မခံကြေသးဘဲ ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုတွေရှိနေတယ်လို့ အကြောင်းပြထားပါတယ်။

မဲရေတွက်မှုတွေဟာ နောက်ထပ်နှစ်ရက်လောက် ကြာဦးမှာဖြစ်တဲ့အတွက် စစ်တမ်းတွေရဲ့ ဖော်ပြချက်တွေကြောင့် အာရုံမလွှဲကြဖို့ ဘတ်စ်ဝီဒန်ရဲ့ မဲဆွယ်ရေးအဖွဲ့က ပြောထားပါတယ်။

ဂန်ဂျာကတော့အပြီးသတ်ရလဒ်ကို စောင့်ဆိုင်းကြပါလို့ လူထုကိုပြောထားပြီး ရွေးကောက်ပွဲမူ မမှန်မှု အထောက်အထားရှိသူတွေ သတင်းပေးနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

အထွေထွေရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲအပြီးသတ်ရေတွက်ဖို့နဲ့ တရားဝင်ရလဒ်ကို ကြေညာဖို့ မတ်လ ၂၀ ရက်နေ့အထိ အချိန်ရှိနေတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ ပရာဘိုဝို အနိုင်ရတယ်လို့ အတည်ပြုခဲ့မယ်ဆိုပါက အဲဒီ အသက် ၇၂ နှစ်အရွယ် အငြိမ်းစားဗိုလ်ချုပ်ဟာ အင်ဒိုနီးရှားရဲ့ အဋ္ဌမမြောက် သမ္မတအဖြစ် အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရမှာဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.