သထုံ၊ ဖေဖော်ဝါရီ ၁၅

ကရင်အမျိုးသားအစည်းအရုံး KNU သထုံမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ စကခ – ၈ လက်အောက်ခံ အမှတ်(၄၀၉) ခြေမြန်တပ်ရင်း စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၁၁ ရက်နေ့က ဝီယော်စခန်းကနေ ထုံးဘိုကြီးကျေးရွာထဲ ဝင်ရောက်လာစဉ် ဒေသခံရွာ သား ၃ ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ ထိုးဘိုလေးကျေးရွာနေ အသက် ၆၃ နှစ်အရွယ် ဦးအောင်ဆန်း၊ ထုံးဘိုကြီးကျေးရွာနေ အသက် ၅၀ အရွယ် စောမောင်ပေနဲ့ အသက် ၄၀ အရွယ် စောဖိုးသက်တို့ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KUN သထုံမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ၊ PDF ပူးပေါင်းတပ်တို့ကြား အဲဒီနေ့ တစ်ရက်တည်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၄ ရက်အတွင်း စစ်ကောင်စီအခြေစိုက်တပ် ရင်းတွေကနေ နေ့တိုင်းနီးပါး လက်နက်ကြီး ပစ်ခတ်မှုကြောင့် KNU သထုံမြို့နယ် ရွှေရောင်ပြ၊ဒေါက်ရပ်နဲ့ ဆူးအင်းကျေးရွာတို့မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံတွေပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံတွေ ထိခိုက်ပျက်စီးခဲ့တာပါ။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း KNU ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.