ရေး၊ ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၀၆) ခြေလျင် တပ်ရင်းကို လက်နက်ကြီး RPG နဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျား တပ် (ဒေါနတပ်ခွဲ-၃)တာဝန်ရှိသူ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ခလရ(၁၀၆)တပ်ရင်းကို ရေးပြောက်ကျားတပ်(ဒေါနတပ်ခွဲ-၃)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တပ်ရင်းဗဟိုကင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် တပ်မ တော်စစ်ဆေးရုံမှာ ပို့ဆောင်ကုသပေးထားကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ရဲ့ ပြောပြချက်ကို ကိုကားပြီး ရေးပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

အဲဒီနေ့မှာပဲ ရေးပြောက်ကျားတပ်ဟာ ပြည်သူတွေရဲ့ တိုင်ကြားချက်အရ မော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်ဝင်းကို အုပ်ချုပ်ရေးမှူးရုံးနဲ့နေအိမ်တို့မှာ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်သွား တယ်လို့ ဆိုပါတယ်။

မော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်ဝင်းဟာ ကျေးရွာနေ ပြည်သူလူထုများအပေါ် လက်နက်အားကိုးနဲ့ မတရားအနိုင်ကျင့်ခြိမ်းခြောက်တာ၊ လာဘ်ပေးလာဘ်ယူမှုတွေကို မတရားကျူးလွန်နေတယ်လို့ တိုင်ကြားခံ ထားရတာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးထိန်ဝင်း ထွက်ပြေးလွတ်မြောက်သွားပေမယ့် သူပိုင်ဆိုင်တဲ့ မော်တော်ဆိုင်ကယ်နှစ်စီးနဲ့ ရုံးလုပ်ငန်းသုံးစည်းတံဆိပ်တွေကို သိမ်းဆည်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်(ဒေါနတပ်ခွဲ-၃)က သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေကလည်း ရေးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရေးခရိုင်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနရုံး ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာကြောင့် ရုံးအဆောက်အဦး တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-YGF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.