ဒါကာ – ဖေဖော်ဝါရီ ၁၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲဝင်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ကို မြန်မာနိုင်ငံကိုပြန်ပို့ပေးလိုက်ပြီဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာမှာ ဖော်ပြထားပါတယ်။

ဒီနေ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၅ ဦးကို ပထမအသုတ်အနေနဲ့ သင်္ဘောနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၁၆၅ ဦးကိုတော့ နောက်ထပ် သင်္ဘောတစ်စီးနဲ့ ပြန်လည်ပို့ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးသွားတဲ့ ၃၃၀ဦးမှာ ရဲ ၃၀၂ ဦး၊သူတို့ရဲ့ မိသားစုဝင် ၄ ဦးနဲ့ စစ်ဘက်နဲ့ မပတ်သက်တဲ့ အရပ်သား ၄ ဦးပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီသံအမတ်ကြီး ဦးအောင်မိုးကျော် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇာဒေသမှာရှိတဲ့ ရေတပ်ဆိပ်ကမ်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ရောက်ရှိလာတာဖြစ်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က စစ်ကောင်စီကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့ပြီး ပြန်လည်ပို့ဆောင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ ကော်မတီဖွဲ့စည်းကာ ကြိုတင်ပြင်ဆင်ခဲ့တာပါ။

စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွေ့ဆုံမှု ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီလက်အောက်ခံတွေဟာ ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၇ ရက်နေ့ကြားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေးကြတာဖြစ်ပြီး ထွက်ပြေးသူတွေကိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆေးကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်သားတွေကို ခေါ်ဆောင်ဖို့အတွက် မြန်မာရေတပ်သင်္ဘောတစ်စီးဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ ဆိုက်ကပ်ထားပြီး ဘင်္ဂလားဒေ့ရှ်ခရီးသည်တင်သင်္ဘောက သွားရောက်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာစစ်ကောင်စီဘက်ကတော့ ပြန်လည်ခေါ်ဆောင်သွားသူတွေကို ဘယ်မြို့ဆီ ခေါ်ဆောင်သွားမလဲဆိုတာကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။ 


Ref: Dhaka Tribune

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.