ဘီးလင်း၊ ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ မြို့မရပ်ကွက်ရှိ လျှပ်စစ်ရုံး မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိပြီး တစ်ရုံးနီးပါးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တောင်စွန်းလျှပ်စစ်ရုံးကို ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် လျှပ်စစ်ရုံးစောင့်ဝန်ထမ်း ဦးထွန်းထွန်းဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရုံးမျက်နှာကျက်၊ ရုံးအဆောက်အဦး ထရန်စဖော်မာတွေအပါအဝင် ရုံးအနီးရှိ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

ဒီမိုင်းထောင်ဖောက်ခွဲကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း တောင်စွန်းလျှပ်စစ်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဘက်က မိုင်းထောင်ဖောက်ခွဲမှုကြောင့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပါသေးတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ဘီးလင်းမြို့နယ်အတွင်း မီတာခအကြွေးကျန် ကျပ် ၅ သိန်းအထက်ရှိနေတဲ့ နေအိမ်တွေကို မီးလိုက်ဖြတ်နေတာနဲ့ မီတာပုံးဖြုတ်သိမ်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.