မင်းပြား၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နဲ့ မင်းပြားမြို့မှာ ဖြစ် ပွားခဲ့တဲ့ တစ်ပတ်အတွင်း ရေကြောင်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ဇက်သင်္ဘောနဲ့ စစ်သင်္ဘော အပါအဝင် ၉ စီးကို နစ်မြှုပ်သွားအောင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့က မင်းပြားမြို့နယ်၊ သက်ပုန်းကျေးရွာအနီးက ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၁ စီးကို ထပ်မံတိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁၂ နေ့ကလည်း မင်းပြားမြို့နယ်၊ ပုလဲပေါက်ကျေးရွာအနီးက ရေကြောင်းတိုက်ပွဲမှာလည်း မြစ်ကြောင်းတစ်လျှောက် ကျေးရွာတွေကို လက်နက်ကြီးနဲ့ နှစ်ရှည်လများ ပစ်ခတ်ဒုက္ခပေးနေတဲ့ စစ်သင်္ဘော ၁ စီးကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာက ရေကြောင်းတိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ စစ်သင်္ဘော ၂ စီးနဲ့ ဇက်သင်္ဘော ၁ စီး မီးလောင်ပျက်စီးပြီး ရေထဲနစ်မြှုပ်သွားတဲ့အထိ တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါအပြင် ရက္ခိုင့်တပ်တော်ရဲ့ စာရင်းတွေအရ အခြားသော သင်္ဘော ၄ စီးကိုလည်း ရေချလို့ မရတော့တဲ့အထိ ပျက်ဆီးသွားအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို စစ်သင်္ဘောတွေ နစ်မြှုပ်အောင် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အချို့မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊လေ ခုခံစစ်နဲ့အတူ ထိုး စစ်-ခံစစ် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.