မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄

အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက စစ်အာဏာရှင်ဟောင်း ဦးသန်း‌ရွှေလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၁၄ နှစ်အကြာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ရုတ်ချည်းအသက်သွင်းလိုက်တဲ့အတွက် လူငယ်လူရွယ်တွေကြား ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာပါတယ်။

ဥပဒေအသက်သွင်းပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ အပြစ်မဲ့ပြည်သူတချို့ကို ပေါ်တာဆွဲတာတွေ ဧည့် စာရင်းစစ်တဲ့ အကြောင်းပြချက်နဲ့ အိမ်ထဲဝင်ပြီး အတင်းအဓမ္မဖမ်းဆီးမှုဖြစ်စဉ်တွေဟာ တိုက်ပွဲမဖြစ်တဲ့ ရန်ကုန်လိုမြို့ကြီးအပါအဝင် တချို့ဒေသတွေမှာ ဖြစ်ပေါ်နေတာပါ။

မွန်ဒေသမှာတော့ စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်အာဏာ ရှင်စနစ်ချေမှုန်းရေးအတွက် လူငယ်လူရွယ်တွေ၊ မိမိတို့တပ်ဖွဲ့တွေ ဒါမှမဟုတ် စစ်ကြောင်းတွေမှာပါဝင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက ဖိတ်ခေါ်နေကြပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ကလည်း ပြည်သူကိုသတ်တဲ့ စစ်ကောင်စီ တပ်ထဲဝင်မလား၊ မွန်ပြည်အတွက် အလုံးစုံသောအာဏာရှင်စနစ်ကို အပြီးတိုင်တိုက်ထုတ်နေတဲ့ MSRF ထဲ ဝင်မလားဆိုတဲ့ ရွေးချယ်မှုနှစ်ခုနဲ့ ကြေညာပါတယ်။

MSRF ပြောခွင့်ရ နိုင်နဂါးကတော့ လူငယ်လူရွယ်တွေအနေနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ငြိမ်းချမ်းတဲ့ လူ့ဘောင်သစ်တစ်ခုတည်ဆောက်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကြဖို့ တိုက်တွန်းပါတယ်။

“လူငယ်လူရွယ်တွေမှာ ရွေးစရာလမ်းရှိပါတယ်။ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ငြိမ်းချမ်းတဲ့လူ့ဘောင်သစ်တစ်ခုတည်ဆောက်ဖို့က ကျွန်တော်တို့ အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးဖြုတ်ချဖို့ လိုတယ်ခင်ဗျ။ ဒီစစ်ကောင်စီကိုဖြုတ်ချဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကြပါ။ မွန် ပြည်နယ်သူ/သားတွေ အားလုံးအတွက် ကျွန်တော်တို့ MSRF မွန်ပြည်တော်လှန်ရေးတပ်က တံခါးဖွင့်ကြိုဆိုထားပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုကိုခံယူပြီး မွန်ပြည်တပ်အဖြစ် ရပ်တည်သွားမယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပြည်သူတွေကို အသိပေးခဲ့တာပါ။

စစ်အာဏာရှင်အပါအဝင်အာဏာရှင်မှန်သမျှကို တိုက်ဖျက်ဖို့နဲ့ ဖက်ဒရယ်ပြည်‌ထောင်စု တည် ဆောက်သွားဖို့ ရည်ရွယ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ တော်လှန်ရေးမဟာမိတ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မွန်အသိုင်းအဝိုင်းတချို့ကတော့ ဗမာစစ်သားလုပ်မှာလား မွန်စစ်သားလုပ်မှာလားဆိုတဲ့ ရေးသားမှုတွေ အခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာတွေမှာ တွေ့မြင်နေရပြီး ဗမာစစ်တပ်ထဲဝင်မယ့်အစား မွန်ပြည်သစ်ဆီပဲသွားမယ်ဆိုတဲ့ မှတ်ချက်ပြုတာတွေလည်း တွေ့နေရပါတယ်။

တစ်ဖက်မှာတော့ ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအဖြစ်တဲ့ မွန်ပြည်သစ်ပါတီကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး အရွယ်‌ရောက်ပြီးတဲ့ မွန်လူငယ်တွေအတွက် သ ဘောထား ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

သံလွင်တိုင်းမ်အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မွန်ပြည်သစ်ပါတီရဲ့ သဘောထားသိရှိနိုင်ဖို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နဲ့ နိုင်အောင်မ‌ငေးထံ ၅ ကြိမ်ထက်မ နည်း ခေါ်ဆိုခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် အဆက်အသွယ်မရရှိခဲ့ပါဘူး။

တစ်ဖက်မှာတော့ မွန်ပြည်သစ်ပါတီက အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မွန်လူငယ်တွေကို အခြေခံစစ် သင်တန်းတက်ဖို့ အမြဲခေါ်ယူလေ့ရှိသလို မွန်လူငယ်ဆုံရပ်ကလည်း အသက်ပြည့်ပြီးတဲ့ လူငယ်တိုင်း စစ်ပညာသင်ကြားကြဖို့ အမြဲတစေတိုက်တွန်းလေ့ ရှိပါတယ်။

မွန်အရေးလုပ်ဆောင်သူတစ်ဦးက မွန်ပြည်သစ်ပါတီအနေနဲ့ ပြည်သူကိုအခြေခံပြီး စည်းရုံးတဲ့ ကဏ္ဍ ရှိနေတဲ့အတွက် စစ်သင်တန်းတက်ကြမယ့်သူတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ်လို့ သူ့အမြင်ကို ပြောပြပါတယ်။

“မွန်လူငယ်မူဝါဒမှာလည်း အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ လူငယ်တိုင်း အခြေခံစစ်ပညာ မဖြစ်မနေ သင်ကြားရမယ်ဆိုတဲ့ မူဝါဒရပ်တည်ချက်လည်း ရှိတယ်။ နောက်ပြီး မွန်ပြည်သစ်ပါတီကလည်း ဒါမျိုးစည်းရုံးတဲ့အပိုင်းမှာ ပြည်သူကို သူတို့အခြေခံပြီး စည်းရုံးလာတဲ့ ကဏ္ဍမှာလည်း ရှိတဲ့အခါကြတော့ သူတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ်လို့ ကျွန်တော်မြင်တယ်ဗျ”လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်းမှုအတွင်း ဆွေးနွေးရေးလမ်းစဉ်ကို ရပ်တည်ပြီး စစ်ကောင်စီနဲ့ ၇ ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို မွန်ကျေးရွာနေ ပြည်သူလူထုတွေကို အ ကာအကွယ်ပေးနိုင်ဖို့ ထိန်းချုပ်နယ်မြေတစ်ချို့မှာ လုံခြုံရေးကင်းလှည့်တာတွေလည်း ရှိနေပါတယ်။

လက်ရှိအခြေအနေအရ မွန်လူငယ်လူရွယ်တွေဟာ စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်သစ်အပါ အဝင် အခြားသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေမှာ ဝင်ရောက်ဖို့ စဉ်းစားနေသူတွေရှိသလို ပြည်ပနိုင်ငံကို သွားရောက်ကြမယ့်သူတွေလည်း ရှိနေပြန်ပါတယ်။

မွန်အရေးလုပ်ဆောင်နေသူကတော့ “ဒီခေတ်ကာလမှာ နိုင်ငံခြားကိုသွားပြီး ရွေ့ပြောင်းအလုပ်လုပ်တဲ့ပုံစံမျိုးကို ကျွန်တော်တို့ မဖြစ်ချင်တော့ဘူး။ ဘာလို့လဲဆို ဒီအတိုင်းပဲ သူတို့ (စစ်တပ်) ဖိနှိပ်လိုက်၊ ပြေးလိုက်နဲ့ ပွဲမပြီးဘူး။ ဖြစ်နိုင်လို့ရှိရင် လူငယ်ပြည်သူတွေအားလုံး ကိုယ်နဲ့နီးစပ်တဲ့ ကိုယ်နဲ့သက် ဆိုင်တဲ့ တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ဖွဲ့နဲ့ဆက်သွယ်ပြီး အဲဒီဘက်ခြမ်းမှာ ရပ်တည်ပြီး တိုက်ပွဲဝင်ဖို့ပဲ ကျွန်တော်က အားပေးချင်တာပေါ့”လို့ သူက တိုက်တွန်းပါတယ်။

စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာတော့ သာမန်အရပ်သား အမျိုးသားဆိုရင် အသက် ၁၈ နှစ် ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် ကနေ ၂၇ နှစ်အ တွင်း နိုင်ငံသားတိုင်း ၂ နှစ်ကနေ အရေးပေါ်အခြေအနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ဆရာဝန်၊အင်ဂျင်နီယာ၊ စက်မှုလက်မှုတတ်မြောက်သူ ဒါမှမဟုတ် အခြားအ တတ်ပညာတစ်ရပ်ရပ်နဲ့ အသက်မွေးနေသူ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၄၅ နှစ်နဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းဖို့ အကျုံးဝင်ပါတယ်။

စစ်မှုထမ်းဖို့ ငြင်းဆန်းပြီး စာရင်းမသွင်းတာ၊ စာရင်းသွင်းပြီး စစ်ဆေးမှုမပြုရင်တော့ ထောင်ဒဏ် ၃ နှစ်အထိချမှတ်နိုင်သလို စစ်ထဲမဝင်လိုတဲ့အတွက် ဆေးမအောင်ဖို့ ကြိုးစားတာနဲ့ အနာတရဖြစ်အောင်လုပ်ရင်တော့ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ တင်း ကျပ်ပြဌာန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.