သည်ဟေ့ဂ် ၊ ဖေဖော်ဝါရီ ၁၄

ဂါဇာမှာ အစ္စရေးရဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေး ဥပဒေချိုးဖောက်မှုတွေမှာ F-35 တိုက်လေယာဉ်တွေ အသုံးပြုနိုင်တဲ့အန္တရာယ်ရှိနေတာကြောင့် အစ္စရေးကို အဲဒီလေယာဉ် အမျိုးအစားအစိတ်အပိုင်းတွေ မပေးပို့ရေး နယ်သာလန်တရားရုံးက အမိန့်ထုတ်ပြန်လိုက်ပါ တယ်။

ဟားမတ်စ်အဖွဲ့ကိုအစ္စရေးက တိုက်ခိုက်ရာမှာ ဒီလေယာဉ်တွေအသုံးပြုပြီး ဥပဒေချိုးဖောက်နေ တာကြောင့် နယ်သာလန်အစိုးရအနေနဲ့ လေယာဉ်အစိတ်အပိုင်းတွေပေးပို့နေတာဟာ ဥပဒေ ချိုးဖောက်ရေးကူညီရာရောက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ပြီးနောက် သည်ဟေ့ဂ်အခြေစိုက် အယူခံတရားရုံးက အမိန့်ချမှတ်လိုက်တာပါ။

နယ်သာလန်အစိုးရအနေနဲ့ အစ္စရေးကို F-35 တိုက်လေယာဉ်အစိတ်အပိုင်းတွေ တင်ပို့နေတာကို ၇ ရက်အတွင်း အဆုံးသတ်ရမယ်လို့ တရားရုံးက ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

အမေရိကန်လုပ် F-35 တိုက်လေယာဉ်အစိတ်အပိုင်းတွေကို နယ်သာလန်မှာရှိတဲ့ ကုန်လှောင်ရုံ တစ်ခုမှာ သိမ်းဆည်းထားပြီး ပြည်ပသို့ပို့ဆောင်ရေး သဘောတူညီမှုတွေအရ အစ္စရေးအပါ အဝင် လက်တွဲဖော်နိုင်ငံတွေဆီ ပို့ဆောင်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုလေယာဉ်အစိတ်အပိုင်းတွေ တင်ပို့ပေးနေတာဟာ နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်ဖြစ်ပြီး တရားသူကြီးတွေ ဝင်မရှုပ်သင့်ဘူးလို့ ဒီဇင်ဘာလအတွင်းက သည်ဟေ့ဂ်မြို့အခြေစိုက် ဒေသဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပါသေးတယ်။

ဒါပေမယ့် အယူခံတရားရုံးက စစ်ပွဲအတွင်းလူသားချင်းစာနာထောက်ထားရေး ဥပဒေကို ပြင်း ပြင်းထန်ထန်ချိုးဖောက်နိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုပါက နယ်သာလန်အနေနဲ့ စစ်ပစ္စည်း တင်ပို့မှု ကို တားမြစ်ရမှာဖြစ်တယ်လို့ဆိုကာ ဒေသဆိုင်ရာတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့တာပါ။

ဂါဇာမှာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ကလေးငယ်တွေအပါအဝင် အရပ်သား သေဆုံးမှု အများအပြားရှိနေပြီး ဒီတိုက်ခိုက်မှုတွေအတွက် အစ္စရေးဟာ လုံလောက်တဲ့တာဝန်ခံမှု မရှိဘူးလို့ ရုံးတော်က ပြောပါတယ်။

ဒါပေမယ့် လေယာဉ်အစိတ်အပိုင်းပေးပို့မှုဟာ အမေရိကန်ဦးဆောင်တဲ့ စီမံကိန်းတစ်စိတ် တစ်ပိုင်း ဖြစ်တာကြောင့် မိမိတို့မှာကြားဝင်ဖြေရှင်းရေး လုပ်ပိုင်ခွင့်အာဏာရှိ၊မရှိတောင် မသေချာဘူးလို့ နယ်သာလန် အရာရှိတွေက ဆိုပါတယ်။

အစိုးရရှေ့နေတွေကတော့ နယ်သာလန်အနေနဲ့ သည်ဟေ့ဂ်မြို့ရှိ ကုန်လှောင်ရုံကလေယာဉ် အစိတ်အပိုင်းတွေ မတင်ပို့ပေးတော့ဘူးဆိုပါက အစ္စရေးအနေနဲ့ တခြားနေရာက ဝယ်ယူနိုင်တယ်လို့လည်း စောဒကတက်ထားကြပါတယ်။

Source: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.