ရေဖြူ၊ ဖေဖော်ဝါရီ ၁၃

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်းမှာ ကုန်ပစ္စည်းတွေ တင် ဆောင်လာတဲ့ ကားပေါ်မှ မူးယစ်ဆေးဝါး အလုံး ၃ သိန်းနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတော် လှန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ရေး-ထားဝယ်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန် ထားဝယ်ဘက်သို့ ကုန်ပစ္စည်းတင်ဆောင်လာတဲ့ ၁၂ ဘီးယာဉ်အား မသင်္ကာလို့ ရပ်တန့်စစ်ဆေးစဉ် မူးယစ်းဆေးဝါးတွေ အမြောက်အများ သိမ်းဆည်းရမိခဲ့တာပါ။

အဲဒီဖမ်းဆီးမှုအတွင်း WY စိတ်ကြွဆေးပြား အလုံး ၂၈၂,၃၀၃ လုံး ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်းပေါင်း ၉၉၀၀ကျော်နဲ့ ငွေသား ၁၀ သိန်းကျော် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဲ့ဒီနောက် မူးယစ်ဆေးဝါးတွေနဲ့ လက်ဝယ်တွေ့ရှိတဲ့ ယာဉ်မောင်းနဲ့ နောက်လိုက်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စိတ်ကြွမူးယစ်ဆေးပြားတွေနဲ့အတူ ကုန်တင်ယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဗထူးတပ်မတော်ရဲ့ ပြန်ကြေားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ယာဉ်မောင်းနဲ့ နောက်လိုက် ၂ ဦးတို့ကိုတော့ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်လျှက်ရှိပြီး ထိုက်သင့်တဲ့ အပြစ်ဒဏ်ခံရမယ်လို့ ဆိုပါတယ်။

အဲ့ဒီလုပ်ဆောင်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဗထူးတပ်မတော် (BH A)နဲ့ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း ရေး-ထားဝယ်လမ်းပိုင်း အလယ်စခန်းကျေးရွာမှာ ကာလ တန်ဖိုး ကျပ် ၈၇ ဘီလီယံကျော်တဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC)က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဗထူးတပ်မတော်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.