ဘီးလင်း၊ ဖေဖော်ဝါရီ ၁၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၉ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီ ဝင်းတာပန်စခန်းကို က ရင်အမျိုးသားကာကွယ်ရေးတပ် KNDO နဲ့ PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ဝင်းတာပန်ကျေးရွာထဲကို လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံနေအိမ်တွေ ထိမှန်ပျက်စီးခဲ့ရတာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝင်းတာပန်ကျေးရွာ ဒေသခံတွေဖြစ်တဲ့ စောမော်ထူး၊ နော်မု၊ ယားဒါး၊ စောဖားနော့ကေး၊ စောဘူ့ဒို့၊ စောမောင်ငှား၊ တီးဖောမြိုင်၊ ဖောဝါးဝါးနဲ့ စောဆမူးတို့ရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ဝင်းတာပစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ကျူးလွန်ထားတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဝင်းတာပန်စခန်းတိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ နီးပါး စစ်ရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးသလို လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.