ဂန့်ဂေါ – ဖေဖော်ဝါရီ ၁၃

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က ပျူစောထီးကျေးရွာကို အလံဖြူထောင်ပြီး ပြည်သူနဲ့ပူးပေါင်းဖို့ စည်းရုံးခဲ့တဲ့ ဆရာတော်တစ်ပါးကို ပျူစောထီးတွေက သတ်ဖြတ်ပစ်လိုက်တယ်လို့ ဒေသခံတွေ က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဟံသာဝတီကျေးရွာက ဦးပညာဝရ (ခ) ဦးဇင်းကျော်လွှား ကို သတ်ဖြတ်ပြီးနောက် ဟံသာဝတီကျေးရွာကို ပြန်ပို့လိုက်တာပါ။

ကျေးရွာအတွင်း စားနပ်ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းတွေရှားပါးနေတာကြောင့် ပြည်သူ့ကာကွယ် ရေးအဖွဲ့တွေထံ အလင်းဝင်ဖို့ ရွာသားတွေကို စည်းရုံးပြောဆိုတဲ့အတွက် ပျူစောထီးတွေက သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ဟံသာဝတီ ရွာက ဦးဇင်း ကျော်လွှား မနေ့က မြောက်ခင်ရမ်းရွာမှာ အသတ်ခံရတယ် ဒီနေ့ ဟံသာဝတီ ရွာကို အလောင်းပြန်ပို့တယ် အဲဒီဘုန်းကြီးက အရင်ရက်ပိုင်းက အလံဖြူထောင်ဖို့ ရွားသားတွေကို ဦးဆောင်တဲ့ ဘုန်းကြီးဘဲ တောထွက်ဘုန်းကြီး  ငယ်ဖြူမဟုက်ဘူး။” လို့ပြောပါ တယ်။

ပျူစောထီးတွေသတ်ဖြတ်လိုက်တဲ့ ဦးပညာဝရဟာ သက်တော် ၄၅ နှစ် ဝါတော် ၂၅ ဝါရှိတဲ့ တိုက်အုပ်ဆရာတော် တပါးဖြစ်ပြီး အလောင်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မြောက်ခင်ရန်း ကျေးရွာကနေ သူ့ရဲ့ရွာဖြစ်တဲ့ ဟံသာဝတီကို ပြန်လည်သယ်ယူလာခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ 

လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ဂန့်ဂေါမြို့နယ်မှာ ပျူစောထီးကျေးရွာ ၇ ရွာဝန်းကျင်ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဲဒီရွာတွေကို ဖြတ်လေးဖြတ် လုပ်ပြီး ပိတ်ဆို့ထားတာကြောင့် လူသုံးကုန်ပစ္စည်းနဲ့ စားနပ်ရိက္ခာရှားပါးနေတာ ၁ နှစ်ကျော်ကြာမြင့် နေပြီဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒါကြောင့် ပျူစောထီးကျေးရွာမှာနေထိုင်ကြတဲ့ပြည်သူတွေဟာ ကာကွယ်ရေးအဖွဲ့တွေထံကို နေ့စဉ်ခိုလှုံနေကြတာလူ ၆၀၀၀ ကျော်အထိရှိနေပြီဖြစ်တယ်လို့ ဒေသတွင်းအဖွဲ့တွေထံက သိရပါ တယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီဘက်က အဲဒီကျေးရွာတွေကို လေကြောင်းကနေ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေပို့ဆောင်ပေးနေတာတွေလည်း ရှိနေပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media (မြောက်ခင်ရန်းရွာအတွင်းပိုင်းတစ်နေရာ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.