ဒါကာ ၊ ဖေဖော်ဝါရီ ၁၄

ဘင်္ဂလားဒေ့ချ်နိုင်ငံထဲကို ထွက်ပြေးလာကြတဲ့ စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေကို မကြာခင်မြန်မာနိုင်ငံထံပြန်လည်ပို့ဆောင်သွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က ပြောပါတယ်။ 

သူတို့ကိုပြန်ပို့ဖို့ ဦးစားပေးဆောင်ရွက်နေပြီး မကြာခင်ပြန်ပို့ဖို့ မြန်မာနဲ့ဘင်္ဂလားဒေ့ချ်နှစ်ဖက်လုံးက သဘောတူထားပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ သူက ပြောခဲ့တာပါ။

မြန်မာဘက်က သူတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်ပို့ပေးဖို့တောင်းဆိုထားပြီး မိမိတို့က ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်နေတယ်လို့ပြောခဲ့သလို လုံခြုံရေးဆိုင်ရာ ပြဿနာတွေရှိနေ တဲ့အတွက် ပြန်ပို့မယ့် ရက်စွဲအတိအကျကိုတော့ မပြောလိုဘူးလို့ ဟာဆန်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ချ်လုံခြုံရေးထိခိုက်မှာကို အစိုးရအနေနဲ့  လုံးဝအလိုမရှိဘူးလို့လည်းသူက ပြောပါသေးတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး ဒါကာအခြေစိုက် မြန်မာသံအမတ်ကို ဆင့်ခေါ်ကာ ပြင်းပြင်းထန်ထန်ကန့်ကွက်ထားတယ်လို့လည်း ဟာဆန်က ဆိုပါတယ်။

ဘင်္ဂလားဒေ့ချ်အနေနဲ့ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကိုလက်ခံထားရပြီး အရေအတွက် ပိုများလာတာကြောင့် မိမိတို့နိုင်ငံဟာ လုံခြုံရေး၊ရာသီဥတုနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာတွေပိုမိုရင်ဆိုင်လာရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ ဘင်္ဂလားဒေ့ချ် ကောင်စစ်ဝန်ရုံးကို ရန်ကုန်မှာ ယာယီပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။

Ref:BSS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.