မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၃

နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့် ဘက်ပေါင်းစုံ အကျပ်အတည်းတွေနဲ့အတူ တစ်နိုင်ငံလုံး ဝရုန်းသုန်းကား အခြေအနေအထိ ရောက်ရှိလာနိုင်တယ်လို့ သုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ)စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အရေးမလှဖြစ်တဲ့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲနဲ့ စတင်အာဏာတည်စေရမယ်လို့ ကြေညာလိုက်တာပါ။

စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာမန်အရပ်သား အမျိုးသားတွေဟာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရမှာဖြစ်သလို အမျိုးသမီးတွေကတော့ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း စစ်မှုထမ်းရမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တက်မြောက်သူအပါအဝင် အခြားအတက်ပညာတစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ အမျိုးသားတွေအနေနဲ့ အသက် ၁၈ နှစ်မှ ၄၅ နှစ် အတွင်း စစ်မှုထမ်းရမှာဖြစ်သလို အမျိုးသမီးတွေကတော့ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှု ထမ်းရမယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းမှုဟာ နိုင်ငံအနှံ့တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်အင်အားပြုန်းတီးလာတာ၊ လက်နက်ချအညံ့ခံမှုတွေ ဆက်တိုက်များပြားလာတာအပြင် တပ်သားသစ်စုဆောင်းလို့ မရတာကြောင့်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီတပ်ဟာ လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီးပြီး တပ်ထဲသွင်းမှုတွေ လုပ်ဆောင်နိုင်တဲ့အတွက် တစ်တိုင်း ပြည်လုံး ဝရုန်းသုန်းကား ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“တော်တော်ကို ဆိုးရွားတဲ့ သက်ရောက်မှုတွေ လူငယ်တိုင်းမှာ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါက တော့ လူ့အဖွဲ့ အစည်းအတွင်းမှာ စိုးရိမ်းစိတ်တွေနဲ့ ရှုပ်ထွေးမှုတွေ ပေါ်လာနိုင်တာပေါ့ဗျာ။ ဒီလိုပေါ်လာတဲ့အောက်မှာ လူငယ်တွေက ဒီလိုလုပ်လာလို့ ရှိရင်တော့ သူတို့တော့ အဖမ်းအဆီးမခံနိုင်ဘူး။ ထောင်ကျလည်း မခံနိုင်ဘူး။ ဒါကြောင့်မို့ လွတ်မြောက်တဲ့နေရာတွေ သွားမယ်။ ဒီတိုင်းရင်း သား အဖွဲ့အစည်းတွေ၊ လွတ်မြောက်တဲ့နေရာတွေ ပြေးကြလွှားကြမယ်ဆိုလိုရှိရင်တော့ တစ်တိုင်းတစ်ပြည်လုံး ဝရုန်းသုန်းကားတွေ ဖြစ်လာနိုင်တဲ့ အခြေအနေရှိပါတယ်”လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူတွေ၊ စစ်တပ်ဆေးတပ်ဖွဲ့ စစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့ စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူတွေ ကင်းလွတ်ခွင့်ရှိမယ်လို့ ပြဌာန်းထားတာပါ။

စစ်မှုထမ်းရမယ့်ကာလကိုတော့ သာမာန်အခြေအနေမှာ အများဆုံး ၂ နှစ် စစ်မှုထမ်းရမှာဖြစ်ပြီး ဆရာဝန် စက်မှုလက်မှု ပညာသည်နဲ့ ကျွမ်းကျင်သူအဖြစ် စစ်ကောင်စီက သတ်မှတ်ထားပါက အများဆုံး ၃ နှစ် စစ်မှုထမ်းရမှာဖြစ်သလို အရေးပေါ်အခြေအနေ သတ်မှတ်ပါက စစ်မှုထမ်းကာလကို အများဆုံး ၅ နှစ်အထိ တိုးမြှင့်သွားမယ်လို့ ပါရှိပါတယ်။

စစ်မှုထမ်းရန် စာရင်းမသွင်းတာ၊ စာရင်းသွင်းပြီး ဆေးစစ်ခြင်းမပြုတာ၊ စစ်ထဲဝင်ရန် ဆင့်ခေါ်စာရပြီး မလာရောက်တာ၊ အထောက်အထား လိမ်လည်ဖော်ပြတာ၊ ဆေးမအောင်ရန် ကြိုးစားတာ၊ စစ်ထဲမဝင်ရရေးအတွက် အားပေးကူညီမှုတွေဟာ အနည်းဆုံးထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ပြစ် ဒဏ်ကျခံရနိုင်တယ်လို့ ဖော်ပြပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းမှုဥပဒေ အသက်သွင်းပြီးနောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ အသက်ပြည့်ပြီးဖြစ်တဲ့ လူငယ်တွေကို ဖမ်းဆီးပြီး တပ်ထဲခေါ်ဆောင်တာတွေ ရှိလာသလို စစ်မှုထမ်းဖို့အတွက် ပြင်ဆင်ခိုင်းတာတွေ ရှိလာတယ်လို့ သိရပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ ပြည်သူ့စစ်မှုထမ်းမှုဥပဒေကို အသက်သွင်းတာဟာ ပြုန်းတီးနေတဲ့ စစ်အင်အားတွေပြန်ဖြည့်ဖို့ လုပ်ဆောင်တာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အဆုံးသတ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကြဖို့ တိုက် တွန်းပါတယ်။

“အခုလို စစ်ကောင်စီက အသက်ကန့်သတ်ချက်နဲ့ပေါ့။ လူငယ်လူရွယ်တွေကို စစ်တပ်ထဲကို မဖြစ်မနေဝင်ဖို့ ဒီလိုဥပဒေသစ် ပြဋ္ဌာန်းတာဟာ စစ်ကောင်စီတပ်ရဲ့ အင်အားချည့်နဲ့လာတဲ့အပေါ်မှာ သူတို့အင်အားတွေ ထပ်ဖြည့်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ကျွန်တော်မြင်ပါတယ်။ အခုအချိန်မှာ အေးချမ်းတဲ့ အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ လူ့ဘောင်သစ်တစ်ခု တည်ဆောက်နိုင်ဖို့က နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများနဲ့ အမြန်ဆုံးဆက်သွယ်ပြီးတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး စစ်ကောင်စီကိုဖြုတ်ချဖို့ တိုက်ဖို့လိုပါတယ်”လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မှုဟာ တပ်အင်အားလိုအပ်ချက်နဲ့ စစ်တပ်ဟာ ရို သေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းပကား၊ လုံခြုံရေးစွမ်းပကားရှိဖို့အတွက်ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရဖို့ တာဝန်ရှိတယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ပြောဆိုခဲ့ပါတယ်။

စစ်မှုထမ်းဂယက်ကြောင့် မြန်မာနိုင်ငံမှာ စစ်မှုမထမ်းရဖို့ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွားလာနိုင်သလို လူငယ်တွေကို ပစ်မှတ်ထားတဲ့ အစုအလိုက်အပြုံအလိုက် ဖမ်းဆီးမှုတွေ ရှိလာနိုင်တဲ့အတွက် အဆိုးဝါးဆုံး အခြေအနေတစ်ခု ထပ်မံရောက်ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေ အကောင်အ ထည်ဖော်လာတဲ့အတွက် လူငယ်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်ကြဖို့ အ ပြိုင်ဖိတ်ခေါ်ယူမှုတွေ ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.