မော်လမြိုင် ၊ ဖေဖော်ဝါရီ ၇

စစ်အာဏာရှင်စနစ်ကို ဘဝတူတိုင်းရင်းသားအများစုက ရရာနည်းနဲ့ နေ့စဉ်ရက်ဆက် ခုခံတော်လှန်နေကြချိန်မှာ မွန်ပြည်နယ်က လူထုတွေကို တော်လှန်ရေးနဲ့ကင်းကွာဖို့ စစ်ကောင်စီက ပွဲလမ်းသ ဘင်တွေ အကြီးအကျယ် ခွင့်ပြုပေးနေပါတယ်။

အာဏာသိမ်းမှုအတွင်း တိုင်းရင်းသားဒေသအများစုမှာ မြို့ပေါင်း ၃၀ ကျော်နဲ့ တပ်စခန်းပေါင်းရာချီ လက်လွှတ်ဆုံးရှုံးထားတဲ့ စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ မြို့ကြီးတွေ နယ်မြေတွေမှာ ပွဲကျင်းပခွင့် ပိုပိုပြီးခွင့်ပြုလာနေတာပါ။

မွန်ပြည်နယ်ကောင်စီရုံးစိုက်ရာ ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မော်လမြိုင်မြို့ပေါ်မှာတော့ မူးယစ်ဆေးဝါးအပါအဝင် ဖျော်ဖြေရေးတေးဂီတတွေ ဒီဂျေတွေနဲ့ ဘားတွေ၊ကလပ်တွေကိုလည်း ဖွင့်ခွင့်ပြုနေတာ ဖြစ်ပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ကျရှုံးမှုတွေကိုဖုံးကွယ်ဖို့ လူထုကိုနိုင်ငံရေးနဲ့ကင်းကွာအောင် ဖန်တီးနေတာကို ပြည်သူတွေသဘောပေါက်ဖို့ လိုတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) တာဝန်ခံ နိုင်ပညာမာန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူထုကို နိုင်ငံရေးကနေ ကင်းကွာအောင်လုပ်တယ်။ နိုင်ငံရေးကို စိတ်ဝင်စားမှုမရှိအောင် လက်ရှိပကတိအခြေအနေမှန်ကို စိတ်ဝင်စားမှုမရှိအောင်ဆိုတော့ အဲဒီလိုမျိုးတွေ လုပ်လေ့ရှိပါတယ်။ တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးပြဿနာကလည်း မွန်ပြည်နယ်အတွင်းမှာ အတော်လေးကို ကြီးထွားလာတာ တွေ့ရပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့အကြမ်းဖက်မှုတွေ၊ သူတို့ရဲ့ကျရှုံးမှုတွေကို ဖုံးကွယ်ဖို့ လူထုကိုနိုင်ငံရေးနဲ့ကင်းကွာတဲ့ အခြေအနေတွေဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါကို ပြည်သူလူထုတွေက သဘောပေါက်ဖို့ လိုတယ်”လို့ ဆိုပါတယ်။

တဖက်မှာတော့ မွန်လူထုတွေနေထိုင်တဲ့ တချို့မြို့တွေ ကျေးရွာတွေမှာ ဘာသာရေး၊ သာသနာရေးနဲ့ ဆိုင်တဲ့ ထီးတော်တင်ပွဲတွေ၊ ဘုန်းကြီးပျံပွဲတွေအတွင်း ဖျော်ဖြေရေး စတိတ်ရှိုးတွေကလည်း ဆိုရှယ်မီဒီယာတွေမှာ ခပ်စိပ်စိပ် မြင်တွေ့နေရပါတယ်။

အဲဒီစတိတ်ရှိုးတွေမှာ မွန်လူထုတွေ မွန်လူငယ်တွေ ဘေးမသီရန်မခဖို့ မွန်ပြည်သစ်ပါတီရဲ့ မွန်အ မျိုးသားလွတ်မြောက်ရေးတပ်မတော် (NMLA) က တပ်ဖွဲ့ဝင်တွေဟာ စစ်ဝတ်စုံအပြည့်နဲ့ လုံခြုံရေးယူပေးနေတာ ဖြစ်ပါတယ်။

မွန်ဒေသတချို့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်လို့ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းအသုံး ပြုပစ်ခတ်မှုကြောင့် ဒေသခံတွေ အသက်လုပြေး တိမ်းရှောင်နေရချိန် တိုက်ပွဲမဖြစ်တဲ့ ဒေသတွေမှာတော့ စစ်ကောင်စီက ပွဲလမ်းသဘင်ကျင်းပခွင့် ပြုနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းအတွင်း ကျိုက်မရောမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံထောင်ချီ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတာရှိသလို ဇန်နဝါရီ ၃၁ နေ့ကလည်း သံဖြူဇရပ်မြို့နယ်က အနင်းနဲ့ ထင်းရှူးကျေးရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

နိုင်ပညာမာန်က “ကျွန်တော်တို့နဲ့ တစ်နိုင်ငံတည်းမှာ အတူနေထိုင်တဲ့သူတွေ ပြည်နယ်တစ်ခုတည်းမှာ အတူနေထိုင်တဲ့သူတွေ စစ်ဘေးဒုက္ခရောက်နေရတဲ့အချိန် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ခံစားနေရတဲ့အချိန်မှာ ဒီလိုမျိုးပျော်ပါးနေတာမျိုးတွေကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ အကြမ်း ဖက်မှုတွေ ဆက်တိုက်ကျုးလွန်နေတဲ့ စစ်ကောင်စီပြုတ်ကျရေးအတွက် ကျွန်တော်တို့အားလုံး နိုင်ငံရေးအသိ သတိရှိရှိနဲ့ အတူတကွ တွန်းလှန်တိုက်ပွဲဝင်ကြဖို့ လိုအပ်တဲ့အချိန်ရောက်နေပြီးဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့အာဏာကို တစ်ကျော့ပြန်သိမ်းယူဖို့ ကြိုးပမ်းချိန်မှာ မွန်ပြည်သူတချို့ကတော့ ဗမာအချင်းချင်း ရန်ဖြစ်တဲ့ပွဲ မွန်တွေနဲ့ မဆိုင်ဘူးဆိုတဲ့ ရှုမြင်မှုတွေကလည်း ဒီကနေ့အထိ ဆက်ရှိနေတာပါ။

ဒါပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အမြင်နဲ့ စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ မွန်လူငယ်တွေကတော့ ဆန္ဒပြပွဲကနေ လက်နက်ကိုင် တော်လှန်ရေးအထိ ပါဝင်လာခဲ့ကြပါတယ်။

မွန်အမျိုးသားလွတ်မြောက်ရေးအတွက် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးမှာ တိုက်ပွဲဝင်နေတဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲဘော်တလနိုင်က မွန်လူထုတွေ မွန်လူငယ်တွေ တော်လှန်ရေးထဲ အများကြီးပါဝင်လာဖို့ ကြိုးစားနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွန်လူမျိုးတွေ၊ မွန်လူငယ်တွေလည်း တော်လှန်ရေးထဲမှာ ပါဝင်လာကြဖို့ အများကြီးလိုအပ်နေတယ်ဆိုတာကိုလည်း ကျွန်တော်တို့လည်း သိပါတယ်။ ဒါပေမယ့် ပြည်သူလူထုက တခြားသောတိုင်းရင်းသားတွေလိုမျိုး အများကြီးပါမလာသေးဘူးပေါ့။ ဆိုတော့ဒါက ကျွန်တော်တို့ အပေါ်မှာလည်း အများကြီးတာဝန်ရှိတယ်။ ပြည်သူလူထုတွေ တော်လှန်ရေးထဲ ဆက်ပြီးပါဝင်လာဖို့ အားပေးထောက်ခံမှုတွေ မြင့်တက်လာဖို့ ကျွန်တော်တို့ဘက်က ကြိုးစားဖို့လိုတာလည်း ပါတာပေါ့။ ကျွန် တော်တို့လည်း ကြိုးစားနေပါတယ်”လို့ ဆိုပါတယ်။

ပြည်သူလူထုတွေအနေနဲ့လည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ လွတ်လပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ တော်လှန်ရေးဘက်တော်သားနဲ့အတူ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်လာကြဖို့နဲ့ တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့မှုတွေ လုပ်ကြဖို့ ရဲဘော်တလနိုင်က တိုက်တွန်းပါတယ်။

မွန်ပြည်နယ်မှာတော့ သထုံ၊ ကျိုက်ထို၊ ဘီးလင်းအပါအဝင် ပြည်နယ်တောင်ပိုင်းက သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား မကြာ ခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

အာဏာသိမ်းမှုအတွင်း စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေပြီး စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် မွန်ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ခုနှစ်သောင်းကျော်ရှိခဲ့တယ်လို့ NRFF ရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.