မော်လမြိုင် ၊ ဇန်နဝါရီ ၃၀

မွန်ပြည်နယ်ရဲ့ မြို့နယ်တိုင်းနီးပါးမှာ ခိုးဆိုးလုယက်မှုတွေ တစ်နေ့တခြားပိုမိုဆိုးရွားလာပြီး အုပ်စုဖွဲ့လုယက်မှုတွေအထိ ရှိလာပေမယ့် စစ်ကောင်စီဘက်က ဖော်ထုတ်အရေးယူနိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက ဝေဖန်လိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးကာလအတွင်း တရားဥပဒေစိုးမိုးမှု ဆုံးရှုံးလာပြီးနောက် ပြည်နယ်တဝန်းမှာ နေ့စဉ်နဲအမျှ ဆိုင်ကယ်တွေ ခိုးယူခံရတာ၊ ဖုန်းနဲ့ငွေကြေးတွေ ခါးပိုက်နှိုက်ခံရတာ၊ လုယက်ခံရတာအပြင် အုပ်စုဖွဲ့ ဒုစရိုက်မှုတွေပါ ဖြစ်ပွားလာပါတယ်။

မြို့ပေါ်တွေမှာကအစ အုပ်စုဖွဲ့ဒုစရိုက်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာပေမယ့် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက ရှာဖွေဖော်ထုတ်အရေးယူနိုင်တာ မရှိတဲ့အတွက် အခြေအနေပိုဆိုးလာတာလို့ ဒေသခံတွေက ဝေဖန်တာပါ။

မော်လမြိုင် ဒေသခံတစ်ဦးကတော့ ခိုးဆိုးလုယက်မှုတွေထဲမှာ ဆိုင်ကယ်ခိုးယူခံရမှုတွေဟာ နေ့စဉ်နဲ့အမျှ နေရာတိုင်းနီးပါး ဖြစ်ပွားနေပြီး ပစ္စည်းခိုးယူခံရပါက ရာနှုန်းပြည့် ပြန်မရတော့တဲ့အတွက် အခြေအနေအထိ ရောက်ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တစ်နေ့တစ်နေ့ ဆိုင်ကယ်တွေဆိုလို့ရှိရင်လည်း အစီးကမရေတွက်နိုင်အောင်ပဲ။ လက်ဖက်ရည် လာသောက်တယ်။ ပြန်ထွက်လာတော့ မရှိတော့ဘူး။ အဲဒီခိုးသွားတဲ့သူကလည်း အုပ်စုလိုက်ကို ခိုးနေတာ၊ ဖုန်းလုတာတွေ ဘာတွေအခုကပိုဆိုးသွားပြီ။ ဒီဟာတွေကိုလည်း နှိမ်နင်းမှုမရှိဘူး။ သူခိုးဓားပြတွေကိုလည်း နှိမ်နင်းမှုမရှိဘူး။ ကျွန်တော်တို့က ဘာသွားအားကိုးရမှာလဲ၊ တယ်လီဖုန်းပဲဖြစ်ဖြစ်။ ဆိုင်ကယ်ပဲဖြစ်ဖြစ်၊ လက်ဝတ်ရတနာပဲဖြစ်ဖြစ်၊ အဖိုးတန်ပစ္စည်းပဲဖြစ်ဖြစ် မပျောက်ခင်မှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကာကွယ်၊ ပျောက်သွားပြီးရင်ပြောရဲတယ်၊ ၁၀၀ ရာခိုင်နှုန်း လုံးဝပြန်ရဖို့ မရှိတော့ဘူး”လို့ ပြောပါတယ်။

ခိုးမှုလုယက်မှု ဒုစရိုက်မှုကျူးလွန်သူတွေကို တိုင်ကြားပေမယ့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ် ဖွဲ့ဝင်တွေက ရှာဖွေဖော်ထုတ်ဖမ်းဆီးမှု မရှိတာကြောင့် ရဲကြေးပေးပြီး လုပ်ဆောင်နေလားဆိုတဲ့ ဒေသခံတွေရဲ့ မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။

မော်လမြိုင်ဒေသခံနောက်တစ်ဦးကလည်း ဒုစရိုက်မှုတွေ ဒေသတွင်းမှာ များလာတာဟာ မူးယစ်ဆေးဝါးနဲ့ စီးပွားရေးအခက်အခဲတွေကြောင့်ဖြစ်ပြီး အခုဆိုရင်အပြင်ထွက်ဖို့အတွက်တောင် လူတိုင်းစိုးရိမ်နေရတဲ့ အခြေအနေဖြစ်နေရတယ်လို့ ပြောပါတယ်။

“အဓိကမူးယစ်ဆေးပေါ့။ လူငယ်တွေတချို့တွေ စီးပွားရေး အခက်အခဲလည်းပါမယ်။ တချို့လူငယ်လေးတွေ မူးယစ်ဆေးနဲ့ ပတ်သက်ပြီးတော့ ဆေးကြောင်တာတို့ ဘာတို့ အဲဒါမျိုးလေးတွေနဲ့လည်း ပါနိုင်တဲ့အနေအထားတွေလည်း ရှိတယ်။ နောက်ပြီးတော့ ရသလိုပေါ့နော်။ သူတို့ကဖြစ်ရင် ခံလိုက်မယ်ဆိုတဲ့ ပုံစံမျိုးလေးတွေပေါ့။ ဆိုတော့အခုဆိုရင် တစ်ခုခုဆိုရင် အပြင်ထွက်မယ်ဆိုရင်တောင်မှ လူတိုင်းက စိုးရိမ်နေရတဲ့ အခြေအနေမျိုးလေးတွေ ဖြစ်နေတာပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ခိုးမှု၊ လုယက်မှုကျူးလွန်သူအများစုဟာ အုပ်စုဖွဲ့ပြီး လုပ်ကိုင်လာကြတာဖြစ်တဲ့အတွက် ဖြစ်စဉ်ဖြစ်ရင်တောင် ပြည်သူတွေအနေနဲ့ ခုခံဖို့ခက်ခဲလာပြီး ကိုယ်ဖြစ်ကိုယ်ခံ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သူကဆက်ပြောပါတယ်။

ဒုစရိုက်မှုကျူးလွန်သူတွေဟာ တန်ဖိုးအနည်းငယ်ရှိယုံမျှနဲ့ လူ့အသက်အန္တရာယ်ကိုပါ ရန်ရှာပြီး ပြစ် မှုကျူးလွန်လာကြသလို ပြစ်မှုကျူးလွန်သူတွေကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေထံ တိုင်ကြားပေမယ့် ဖမ်းဆီးအရေးယူပေးတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီဟာ ဒေသတွင်းက မြို့ဝင်မြို့ထွက်အပြင် နေရာအနှံ့မှာ CCTV ကင်မ ရာတွေ အပြည့်နီးပါး တပ်ဆင်ထားတာ၊ လုံခြုံရေးအကြောင်းပြပြီး လှည့်ကင်းလှည့်လည်တာတွေအပြင် အဓိကကျတဲ့နေရာတွေမှာ နေ့စဉ်စစ်ဆေးတာတွေ လုပ်ဆောင်နေပေမယ့် ဒုစရိုက်မှုကျူး လွန်သူတွေကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

ရာမညဖက်ဒရယ်အင်အားစုသစ်ရဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် အစီရင်ခံစာအရ စစ်ကောင်စီရဲ့ တပ်၊ ရဲတပ်ဖွဲ့ ဝင်တွေဟာ ပြည်သူ့ကောင်းကျိုးထက် ကိုယ်ကျိုး ဒါမှမဟုတ် စစ်ကောင်စီအကျိုးကိုသာ ဆောင်ရွက်လာတဲ့အတွက် တရားဥပဒေစိုးမိုးမှု ဆုံးရှုံးလာတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

အခုလို အခြေအနေတွေကြောင့် အာဏာသိမ်းကာလမှာ မွန်ဒေသတွင်း စစ်ကောင်စီရဲ့ ဒေသန္တရစီမံအုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့လုံခြုံရေးဝန်ဆောင်မှုတွေကို ဒေသခံပြည်သူတွေက ယုံ ကြည်အားကိုးမှု ကျဆင်းလာတယ်လို့ အစီရင်ခံစာမှာ ပြောဆိုထားပါတယ်

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.