လွယ်တိုင်လျဲန်း ၊ ဇန်နဝါရီ ၃၀

မြန်မာ့နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အပစ်ရပ် သျှမ်းပြည် ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS က ဇန်နဝါရီ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ရဲ့ ဗဟိုဌာနချုပ် လွယ်တိုင်လျဲန်းမှာ ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည် အစည်းအဝေးပြီးနောက် ကြေညာချက် ထုတ်ပြန် လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာဖြေရှင်နိုင်ရေးအတွက် RCSS အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပြီး နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ကြိုး ပမ်းသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်မှသာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်မှာဖြစ်ကြောင်းနဲ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်းရေးအတွက် အာဆီယံအနေနဲ့ ကြားဝင်ကူညီပေးဖို့ RCSS က တိုက်တွန်းတာပါ။

RCSS အနေနဲ့ သျှမ်းပြည်အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးကို ကြိုးပမ်းသွားမယ့် အပြင် ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေကြေးလိမ်လည်ခြင်း(ကျားဖြန့်) ပိတ်ပင်တားဆီးရေး လုပ်ငန်း၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် RCSS ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် တွေ့ဆုံဆွေးနွေးမူဝါဒ ဆုပ်ကိုင်ပြီး စစ်ကောင်စီနဲ့ တစ်ဖွဲ့ချင်းအလိုက် ဖြစ်စေ၊ အုပ်စုအလိုက် ဖြစ်စေ ၆ ကြိမ်ထက်မနည်း ငြိမ်းချမ်းရေး သွားရောက်ဆွေး နွေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.