ကျိုက်မရော၊ ဇန်နဝါရီ ၃၀

ရက်ပေါင်း ၅၀ ကြာမြင့်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရဲစခန်းတိုက်ပွဲအတွင်း ကျန်ရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နဲ့ တစ်ဆင့်မြင့် ရာထူးတိုးပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ ရဲသူရတံဆိပ်ရ ရဲတပ်ဖွဲ့ဝင် တစ်ဦး၊ ရဲဗလတံဆိပ်ရ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ စုစုပေါင်းရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို မနေ့ ဇန်နဝါရီ ၂၉ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နဲ့ တစ်ဆင့်မြင့် ရာထူးပေးအပ်ခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်တွေဟာ အသက်ကို ပဓါဏမထားဘဲ ကြံ့ခိုင်သောစိတ်ဓါတ်၊ ပူးပေါင်းစည်းလုံးညီညွတ်မှု၊ အမိန့် နာခံမှုတို့ကို စုစည်းပြီး နယ်မြေပြန်လည်ထိန်းချုပ်နိုင်အောင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့တဲ့အတွက် အခုလို ဂုဏ်ပြုချီးမြှင့်ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ စစ် ကောင်စီရဲ့ အတ္ထရံတံတား(ချောင်းနှစ်ခွ) ဂိတ်စခန်းနဲ့ နယ်မြေရဲစခန်းတို့ကို KNLA ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ၂ လနီးပါးကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း ချောင်းနှစ်ခွဒေသကို စစ်ကူလာရောက်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ၂ ကြောင်း ကျသွား ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနဲ့အရာရှိတွေ၊ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ၃၄ ဦးအထိ သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကာ စစ်သုံ့ပန်း ၃၀ ကျော်၊ လက်နက်မျိုးစုံ ၉၀ နီးပါး KNLA ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိခဲ့ ပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ချောင်းနှစ်ခွဒေသတွေကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာ နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း ချောင်းနှစ်ခွတိုက်ပွဲမှာပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီ လက်အောက်ခံ YMBA အသင်းက မော်လမြိုင်မြို့ရှိ ပရိယတ္တိဗိမာန်တော်မှာ YMBA ဂုဏ်ရည်ဘွဲ့တွေ ချီးမြှင့်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.