မော်လမြိုင် ၊ ဇန်နဝါရီ ၂၈

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုမှာ လျှပ်စစ်မီတာခ မဆောင်တဲ့နေအိမ်တွေကို စစ်ကောင်စီက အခုလ ဆန်းပိုင်းကစပြီး မီတာပုံးဖြုတ်သိမ်းတာနဲ့ မီးကြိုးဖြတ်တောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအထိ မီတာခ မဆောင်တဲ့ နေအိမ်တွေနဲ့ မီတာခ အကြွေးကျန် ကျပ် ၅ သိန်းနဲ့ အထက်ရှိတဲ့ နေအိမ်တွေကို မီတာပုံးဖြုတ်သိမ်းတာနဲ့ မီးကြိုးဖြတ်တောက်တာတွေ လုပ်ဆောင်လာတာ ပါ။

မီတာပုံးဖြုတ်သိမ်းမှုကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာန ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ သြဇာခံ ပြည်သူ့စစ်အဖွဲ့တွေက လိုက်လံလုပ်ဆောင်နေတာဖြစ်ပြီး တချို့ဒေသမှာ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့မီတာပုံး လာရောက်ဖြုတ်သိမ်းမှုကို ခံခဲ့ရတဲ့ ကျိုက်ထိုဒေသခံတစ်ဦးကတော့ သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို အခုလိုပဲ ပြောပြပါတယ်။

“သူတို့မနေ့ကလာတော့ မိုးကရွာနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီတာလာဖြုတ်တာတဲ့။ ငါးသိန်းနဲ့ခြောက် သောင်းပြည့်သွားလို့ မီတာပုံးလာဖြုတ်တာတဲ့။ အစ်ကိုရယ် မဖြုတ်ပါနဲ့။ ကျွန်မတို့လည်း အကြောင်းအမျိုးမျိုး တွေကြောင့်မဆောင်ဖြစ်တာပါဆိုတော့ အဲဒါဆိုရင်လည်း ရုံးကိုသွားပြောဆိုပြီး ဖုန်းဆက်ခိုင်းလို့ ပိုက်ဆံနှစ် သိန်းပေးမယ်၊ ကျန်တာကတစ်လတစ်သိန်းဆိုတော့ ရုံးသွားပေးလိုက်လို့ မဖြုတ်တာ။ တော်တော်များများ ကျိုက်ထိုမှာ လိုက်ဖြုတ်ကုန်ပြီလေ”လို့ ဆိုပါတယ်။
တချို့မြို့နယ်တွေမှာတော့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာန ဝန်ထမ်းတွေက မီတာခံဆောင်ပြီးသား နေအိမ်တွေကိုလည်း အကြွေးကျန်ရှိတယ်ဆိုပြီး လျှပ်စစ်မီး ဖြတ်တောက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မော်လမြိုင်ဒေသခံတစ်ဦးကလည်း စစ်ကောင်စီဘက်က မီတာစာရွက်တွေကို တစ်လတစ်ကြိမ် မပေးဘဲ ၅ လစာကို တစ်ခါတည်း မီတာခသွင်းခိုင်းနေတဲ့အတွက် မသွင်းနိုင်တာကြောင့် လျှပ်စစ်မီး ဖြတ်တောက်ခံရ တာတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဘာပြဿနာတက်လဲဆိုတော့ မီတာ ဆောင်ထားပြီးသားကိုလည်း မီတာအကြွေးကျန်တယ်ဆိုပြီးတော့ ဖြတ်တဲ့ သူဖြတ်အဲဒီလိုတွေ။ နောက်ပြီးတော့ မီတာစာရွက်ကို တစ်လတစ်ခါ မဝေဘူး။ တစ်လတစ်ကြိမ် မဝေဘဲနဲ့ ဘာလုပ်လဲဆိုတော့ အိမ်တစ်အိမ်ကို ၃၊ ၄ ၊ ၅လစာ တစ်ခါတည်း လာပေးတယ်။ တစ်ခါတည်း လာပေးတော့ အိမ်ရှင် ဝိတ်ပိတာပေါ့။ ဘယ်လိုသွားသွင်းမလဲ။ အိမ်တော်တော်များများက အဲဒီလိုခံရတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာန ဝန်ထမ်းတွေဟာ မီတာကို မကြည့်ဘဲ စိတ်ကြိုက်ယူနစ်တွေ ရေးသားပြီး မီတာခတောင်းခံတာ၊ မီတာစာရွက်တွေကို သက်တမ်းလွန်မှ လာရောက်ပေးဆောင်ပြီး ရက်လွန် ကြေး တောင်းခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တဖက်မှာတော့ ပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့အတူ မိသားစု စားဝတ်နေရေး အခက်အခဲကို မနည်းဖြေရှင်းနေရတာကြောင့် မီ တာခ ပေးဆောင်ဖို့ အခက်ကြုံနေရတာပါ။

ဒါပေမယ့် လျှပ်စစ်မီးကို အလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးနေတဲ့ စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနက နိုင်ငံတဝန်းမှာ ကျန်ရှိတဲ့ လျှပ်စစ်မီတာခ အကြွေးကျန်တွေကို သတ်မှတ်ချက်အချိန်အတွင်း အကုန်ရအောင် သက်ဆိုင်ရာအ ဖွဲ့အစည်းတွေ ကွင်းဆင်းပြီး လိုက်လံကောက်ယူကြဖို့ ညွှန်ကြားထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ အိမ်သုံးလျှပ်စစ်မီတာခတွေ အခမဲ့ကင်းလွတ်ခွင့်ပြုထားကြောင်းနဲ့ လုပ်ငန်းသုံး လျှပ်စစ်မီတာခတွေ ကောက်ခံမှု ဆိုင်းငံ့ထားပြီး စစ်ကောင်စီဝင်ငွေ ရရှိစေမယ့် လျှပ်စစ်မီတာခအ ခွန်တွေ မဆောင်ကြဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.