သထုံ၊ ဇန်နဝါရီ ၂၈

မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းနဲ့သထုံမြို့နယ်တို့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဆန်သယ်ယူခွင့်ကန့်သတ်ချက်ကြောင့် အခက်အခဲဖြစ်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်က နေ့တိုင်းနီးပါး လက်နက် ကြီး ပစ်ခတ်တာ၊ ဘီးလင်းဝင်းတာပန်စခန်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာနေရာတွေကို အိုး အိမ်စွန့်ခွာထွက်ပြေးနေရတာပါ။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီက သိမ်ဆိပ်-လေးကေကျေးရွာချင်းဆက်လမ်းနဲ့ နတ်ကြီးလမ်းပိုင်းတွေအပြင် ဝါးဘိုးတောလမ်းပိုင်းတွေမှာ ဆန်အပါ အဝင် ရိက္ခာသယ်ယူခွင့် ကန့်သတ်ထားတာကြောင့် အခက်ကြုံနေရတာပါ။

စစ်ရှောင်အရေးကူညီနေသူတွေရဲ့ ပြောပြချက်အရ ဆန်သယ်ယူမယ်ဆိုပါက ဆန်ရောင်းဝယ်နေသူ တစ်ဦးဟာ တစ်ပတ်ဆန်သုံးအိတ်သာ သယ်ဆောင်ခွင့်ပြုသလို ပိုသယ်ဆောင်ပါက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ဆွဲချထားတယ်လို့ ဆိုပါတယ်။

ဆန်သယ်ယူခွင့် ကန့်သတ်ချက်တွေကြောင့် သထုံနဲ့ဘီးလင်းမြို့နယ်အတွင်းပိုင်း ကျေးရွာတွေမှာ ဆန်ကြမ်းတစ်အိတ်ကို ကျပ်တစ်သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေသလို ဆန်ချောတစ်အိတ်ကို ကျပ်တစ်သိန်းလေးသောင်းနီးပါးအထိ ပေါက်ဈေးရှိနေပါတယ်။

ဒါ့အပြင် အချိန်အခါမဟုတ်မိုးရွာတာကြောင့် စစ်ရှောင်တွေအတွက် အမိုးအကာလိုအပ်မှုတွေ မြင့်တက်နေပြီး ဌက်ဖျား၊ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လတ်တလောမှာလည်း ဝင်းတာပန်စခန်းအနီးဝန်းကျင်မှာ နှစ်ဖက်စစ်ရေး တင်းမာနေသလို စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေ နေ့တိုင်းနီးပါးပစ်ခတ်နေတဲ့အတွက် စစ်ရှောင်ပြည်သူတွေ နေရပ်မပြန်နိုင်ကြသေးပါဘူး။

ဝင်းတာပန်စခန်းတိုက်ပွဲနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဘီးလင်းနဲ့သထုံမြို့နယ်တို့ က စစ်ဘေးရှောင် ၃၀၀၀ လောက်ထွက်ပြေးနေရတာ လနဲ့ချီရှိနေပြီဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.