ကော့ကရိတ်၊ ဇန်နဝါရီ ၂၈

စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ တစ်မြို့လုံးကို အလုံးစုံပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အ ကြား ၂ လနီးပါးကြာ စစ်ရေးတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဇန်နဝါရီ ၂၆ ရက်နေ့ ည ၉ နာရီအချိန်ကနေ စတင်ကာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ပေါ်ကို ဟောင်ဝစ်ဇာလက်နက် ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။

မနေ့ဇန်နဝါရီ ၂၇ ရက်နေ့ မနက် ၁ နာရီခွဲအချိန်ကနေ စတင်ပြီး စစ်ကောင်စီတပ်က Y-12 Military Transport လေယာဉ် ၂ စီးနဲ့ ကော့ကရိတ်မြို့ပေါ်ကို ၆၀ ဗုံးသီးတွေ ၈၁ ဗုံးသီးတွေ ကြဲချလျက်ရှိပြီး ကော့ကရိတ်မြို့ အလုံးစုံပျက်စီးစေဖို့ စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလုပ်ဆောင်နေတယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

“စကစ(စစ်ကောင်စီ)ကတော့ စစ်ရေးဆိုင်ရာ ပစ်မှတ်ဟုတ်ဟုတ် မဟုတ်ဟုတ် ရမ်းသမ်းတိုက်ခိုက်နေတဲ့အတွက် အလုံးစုံမြို့ပျက်စီးရေးကို ဦးတည်နေတဲ့ သဘောလို့ပဲ သုံးသပ်မိပါတယ်” လို့ ကျားဖြူစစ်ကြောင်း သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းကနေ ပစ်ခတ်ကြဲချတိုက်ခိုက်မှုတွေကြောင့် ကော့ကရိတ်မြို့ ချောင်းတောင်ဘက်မှာ မီးလောင်မှုတွေ ဖြစ်ပေါ်နေပြီး အခုလို ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာဟာ စစ်ကောင်စီတပ်ဘက်က အထိနာနေတာ ဖြစ်နိုင်တယ်လို့ ကော့ကရိတ်ဒေသခံတွေကနေ သိရပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ ဇန်နဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းကနေ မွန်းလွဲ ၂ နာရီခွဲအထိ တော်လှန်ရေးအင်အားစုအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ထိခိုက်မှုအခြေအနေကိုတော့ လတ်တလောမှာ မသိရှိရသေးပါဘူး။

ကော့ကရိတ်မြို့ပေါ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဒေသခံအရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုပြီး စစ်ကြောင်းထိုးလာသလို ပြည်သူတွေရဲ့ နေ အိမ်အဆောက်အဦးတွေကို ဝင်ရောက်မွှေနှောက်ကာ ပစ္စည်းတွေကို ယူဆောင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ကျားဖြူစစ်ကြောင်းက ပြောဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးလုပ်ဆောင်မှုတွေကြောင့် တိုက်ပွဲကာလ ၂ လအတွင်း ကော့ကရိတ်မြို့ထဲမှာ ဒေသခံပြည်သူရဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ကော့ကရိတ်မြို့မှာ ဇန်နဝါရီ ၂၂ ရက်နေ့က ၂၆ ရက်နေ့အထိ ၅ ရက်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက် ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဘက်က ၁၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို တော်လှန်ရေးအင်အားစုအဖွဲ့ဘက်ကလည်း ရဲဘော် ၁ ဦး ကျဆုံးသွားခဲ့တယ်လို့ ကျားဖြူစစ် ကြောင်းက သတင်းထုတ်ပြန်ထားတာပါ။

ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ပြည်သူလူထုအနေနဲ့ ဘယ်လိုသတင်းမျိုးပဲ ကြားတာဖြစ်စေ တော် လှန်ရေးအဖွဲ့တွေထံ မေးမြန်းစုံစမ်းခြင်းမရှိဘဲ ကော့ကရိတ်မြို့ထဲကို ပြန်မလာကြဖို့ လုံခြုံဘေးကင်းတဲ့နေရာမှာသာနေထိုင်ကြဖို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-အရှင်ကောသာရ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.