နေပြည်တော် ၊ ဇန်နဝါရီ ၂၈

တိုင်းရင်းသားဒေသတချို့ကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုလို့မရနိုင်ဘဲ လွှတ်တော်မှာ အတည်ပြုဖို့လိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပ ဒေစိုးမိုးရေးကော်မတီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားခဲ့တာပါ။

စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ တပ်အင်အား တစ်သောင်းကျော်ရှိတဲ့ ကရင်နယ်ခြားစောင့်တပ် BGF က စစ်ကောင်စီလက်အောက်ခံကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ တောင်းဆိုလာပြီးနောက် အခုလိုစကားသံထွက်ပေါ်လာတာပါ။

စစ်အာဏာရှင်စနစ်ဖြုတ်ချရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ကတော့ စစ်ကောင်စီကပဲ လက်နက်နဲ့လွှတ်တော်အားလုံးကို ဖျက်သိမ်းပြီး နိုင်ငံ့အာဏာကို သိမ်းယူတဲ့အပေါ် အ ခုလိုပြောဆိုမှုတွေဟာ ခွေးကလူကို ပြန်ဟစ်သလို ဖြစ်နေတယ်လို့ တုံ့ပြန်ပါတယ်။

အာဏာသိမ်းမှုအတွင်း စစ်ကောင်စီအနေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်အပါအဝင် ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ ကရင်နီတို့မှာ မြို့ပေါင်း ၃၀ ကျော်နဲ့ တပ်စခန်းပေါင်း ရာချီ လက်လွှတ်ဆုံးရှုံးထားရတာပါ။

စစ်ခေါင်းဆောင်က လက်ရှိ ဖြစ်ပွားနေတဲ့ပြဿနာဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြည်နယ်၊ ဒေသတွေရရှိဖို့ ဥပဒေပြင်ပက တောင်းဆိုလာတာကြောင့် နိုင်ငံရေးနဲ့ပတ်သက်ပြီး ဥပဒေ၊ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်တတ်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ တိုင်းပြည်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီသာ ထိန်းသိမ်းနေပြီး ကိုယ် ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌန်းခွင့်တွေနဲ့ ပတ်သက်ရင် နိုင်ငံရေးအရဆွေးနွေးပြီး လွှတ်တော်မှာ အတည်ပြုဖို့ လိုတယ်လို့ ပြောသွားခဲ့တာပါ။

ကိုးကန့်ဒေသတစ်ခုလုံးကို စစ်ကောင်စီလက်ထဲကနေ ပြန်လည်အရယူခဲ့တဲ့ MNDAA အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုနေတာမဟုတ်ဘူးလို့ ကိုးကန့်အဖွဲ့ ပြောခွင့်ရ လီကျားဝင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့က တောင်းဆိုနေတာ မဟုတ်ဘူး။ ပြန်လည်ထူထောင်နေတာပါ။ မူလနဂိုရှိပြီးသားဟာကို ပြန်လည်ထူထောင်နေတာ ဖြစ်တယ်။ အဲဒီမြန်မာ့တပ်မတော် ၂၅ ရာခိုင်နှုန်းအပြည့်ပါဝင်နေတဲ့ လွှတ်တော်ကြီးကတော့ ဘယ်တော့မှ တရားမျှတတဲ့ လွှတ်တော်ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီလိုဆိုရင် အကယ်လို့ လွှတ်တော်နဲ့သွားမယ်ဆိုရင် မြန်မာ့တပ်မတော်အနေနဲ့ လွှတ်တော်နိုင်ငံရေးကဏ္ဍကနေ လုံးဝနုတ်ထွက်ရပါမယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နောင်တချိန် ပြည်သူတွေ ရွေးကောက်တင်မြှောက် ထားတဲ့ အစိုးရတက်လာချိန်မှာလည်း ဆက်လက်ဆွေးနွေးသွားပြီး စစ်တပ်အနေနဲ့ နိုင်ငံရေးမှာမပါရဆိုတဲ့ မူဝါဒအတိုင်း လျှောက်လှမ်းပါလို့ လီကျားဝင်းက မှတ်ချက်ပြုပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်အဖွဲ့ MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးကို သောင်းချီတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့အတူ သိမ်းပိုက်ရရှိထားတာပါ။

MNDAA အနေနဲ့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို မြန်မာနိုင်ငံ ရှမ်းပြည်အထူးဒေသ (၁) အဖြစ် အခြေခံဥပဒေနဲ့ ထူထောင်မယ်လို့ MNDAA စစ်ဦးစီးချုပ် ဦးဖုန်တဲရင်က ၂၀၂၄ နှစ်သစ်ကူး သဝဏ်လွှာမှာ ပြည်သူတွေကို အသိပေးကြေညာခဲ့ပါတယ်။

စစ်ကောင်စီကတော့ မိမိတို့နိုင်ငံမှာ လူမျိုးပေါင်း ၁၃၅ မျိုးရှိပြီး လူများစုရှိတဲ့ တိုင်းရင်းသားတွေရှိသလို လူနည်းစုတိုင်းရင်းသားတွေလည်း ရှိတာကြောင့် တိုင်းရင်းသားတွေအားလုံး တန်းတူအခွင့် အရေးရရှိဖို့ ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု PR စနစ်နဲ့ ပြုလုပ်ဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် စစ်အာဏာရှင်စနစ်အမြတ်ဖြုတ်ရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ခေါင်းဆောင်ပြောတဲ့ PR စနစ်အပေါ် အခုလို တုံ့ပြန်ပါတယ်။

“PR စနစ်နဲ့မှ သွားမယ်ဆိုပြီးတော့ အယောင်ပြနဲ့ သူ့ရဲ့ (စစ်ကောင်စီ) သက်ဆိုးရှည်ဖို့အတွက် အခုလိုပြောနေတာတွေက ကျွန်တော်တို့အတွက် သိပ်ပြီးစိတ်ဝင်စားစရာအကြောင်းမရှိဘူးလို့ မြင်တယ်။ ပြည်သူတွေအနေနဲ့လည်း အခုလိုမလိမ့်တပတ်လုပ်နေတာကိုလည်း ဘယ်သူမှ ယုံကြည်မှုမရှိဘူးဆိုတာ ကျွန်တော်တို့ပြောလို့ရတယ်”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးထားပြီး မိမိတို့အနေနဲ့ နိုင်ငံရေးအရ တည်ငြိမ်မှုရှိစေရေး နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီအဖြစ် မှတ် ပုံတင်ခွင့်ပြုထားတဲ့ ပါတီ ၄၀ ကျော်ရှိလာပေမယ့် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အရေအတွက်ကတော့ လျော့ကျလာနေတာပါ။

အာဏာသိမ်းမှုအတွင်း NCA စာချုပ်အတိုင်း ရပ်တည်လာခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်တဲ့အထိ ဘဝတူညီနောင်မဟာမိတ်တွေနဲ့အတူ ဆင်နွှဲမယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ အသိပေးထားပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုးဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တွေကို ပြည်မကလွဲရင် နိုင်ငံအနှံ့ စစ်မျက်နှာဖြန့်ကျက်ပြီး ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.