တောင်ငူ၊ ဇန်နဝါရီ ၂၇

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂) တောင်ငူခရိုင်အုပ်ချုပ်နယ်မြေမှာ နှစ်ပေါင်း ၃၀ နီးပါးကြာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခု ထပ်မံစွန့်ခွာထွက်ပြေးသွားတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU တောင်ငူခရိုင်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စကခ ၂၀ လက်အောက်ခံ ခမရ-၅၂၈နဲ့ ခမရ ၅၉၃ တပ်တို့ရဲ့ ထီးတော်ပယ်(ထင်းရူးတောင်)စခန်း၊ ဘူဆာခီးစခန်း၊ သီးမူပေါ်စိုးစခန်းက စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်နေ့တွေက တပ်စွဲထားတဲ့စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ် စွန့်ခွာထွက်ပြေးသွားခဲ့ကြတဲ့စခန်းတွေကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း ၄ နဲ့ တပ်မဟာအထူးတပ်ဖွဲ့တို့က နယ်မြေလုံခြုံရေးနဲ့ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ် မထိခိုက်စေရေးတို့အတွက် သွားရောက်ရှင်းလင်းခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဘူဆာခီးစခန်းနဲ့ ထီးကော်ပယ်စခန်းတို့ဟာ ကော်သူးလေနယ်မြေထဲကို ၁၉၉၅ ခုနှစ်က ဝင်ရောက်ကျူးကျော်တပ်စွဲခဲ့ကြတာဖြစ်ပြီး အခုအချိန်မှာ အဲ့ဒီတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကိုစွန့်ခွာကာ ခလယ်လာ(ဘောဂလိကြီး)ရွာဘက်ကို ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ KNU က ဆိုပါတယ်။

စစ်ကောင်စီတပ် စွန့်ခွာထွက်ပြေးသွားခဲ့တဲ့ ထီးထော်ပယ်စခန်းဟာ KNU တပ်မဟာ ၂ နဲ့ တပ်မဟာ ၅ အကြားရှိ တပ်မဟာ ၂ နယ်မြေထဲမှာတည်ရှိပြီး KNLA KNDO တပ်ဖွဲ့တို့က လအတန်ကြာ ရိက္ခာဖြတ်တောက်ထားခံရတဲ့ တပ်စခန်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘူဆာခီးစခန်းဟာ စစ်ကောင်စီတပ်ဗျူဟာမှူးနေတဲ့ စခန်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလအတွင်းက မြေပြင်လမ်းကြောင်းကနေ ရိက္ခာပို့ဆောင်လာတဲ့ စစ်ကောင်စီတပ်ကို တပ်မဟာ ၂ က ကြားဖြတ်တိုက်ခဲ့ရာ တပ်ရင်းမှူးအဆင့်ရှိသူ သေဆုံးသွားခဲ့တဲ့အတွက် မြေပြင်လမ်းကြောင်းကနေ ရိက္ခာပို့လို့မရတော့ဘဲ လေကြောင်းကနေသာ ရိက္ခာပို့ဆောင်နေရတဲ့ စခန်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“ရိက္ခာဖြတ်တောက်ခံရလို့ ပြန်ဆင်းတာက တကြောင်းပေါ့။ ၁၀၂၇ ၁၁.၁၁ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲနဲ့ တောင်ငူမြို့နားအထိ မိမိတို့ရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ပွဲများ ပိုမိုဖော်ဆောင်လာနိုင်တဲ့အတွက် မြို့တွင်းနောက်တန်းစခန်းများမှာ အင်အားပြန်လည်စည်းရုံးတာလည်း ပါနိုင်တယ်” လို့ KNU တောင်ငူခရိုင် ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်ကို ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

KNU တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေမှာ တစ်လနီးပါးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၆ ခုအထိ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ KNU က ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.