မော်လမြိုင်၊ ဇန်နဝါရီ ၂၇

ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ဘဝတူညီအစ်ကိုတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေး တိုက်ပွဲဆင်နွှဲသွားမယ်လို့ အပစ်ရပ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA က ဇန်နဝါရီ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် စံဖူးကျေးရွာမှာ PNLO ရဲ့ ယာဉ်တန်းကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ပိတ်ဆို့တားဆီးရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

PNLO အနေနဲ့ စစ်မီးမကူးစက်စေရေး စစ်ကောင်စီနဲ့ ညှိနှိုင်းခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့သလို စစ်ကောင်စီဟာ ဇန်နဝါရီ ၂၂ ရက်နေ့မှာ PNLO ဌာနချုပ်အနီးရှိ နော်ထော်ကျေးရွာကို တိုက်ပွဲ မဖြစ်ဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီ ၂၄ ရက်နေ့ကစပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ပေါ်မှာ တိုက်ပွဲတွေ စတင်ခဲ့တယ်လို့ PNLO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

PNLO အနေနဲ့ စစ်တပ်ရဲ့သြဇာညောင်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်း ၈ နှစ်တိုင် စိတ်ရောကိုယ်ပါ မျှော်လင့်ချက်ကြီးစွာပါဝင်ခဲ့ပေမယ့် အာမခံချက်ရှိတဲ့ နိုင်ငံရေးရလဒ် မရရှိခဲ့ဘူးလို့ ဆိုပါတယ်

စစ်တပ်အာဏာသိမ်းမှုကို မလိုလားတာကြောင့် တစ်နိုင်ငံလုံးမှာ စစ်မျက်နှာအသစ်တွေနဲ့ တော်လှန်ရေး စခဲ့ပေမယ့် PNLO အနေနဲ့ မပါဝင်ခဲ့ဘဲ NCA သဘောတူညီချက်အတိုင်း ရပ်တည်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခဟာ လူမျိူးရေးပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသူလူတစ်စုနဲ့ အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးတွေနဲ့ပြည်သူလူထုတို့အကြား ပဋိပက္ခဖြစ်တဲ့အတွက် ဘဝတူညီနောင်မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ကြေညာလာတာ ဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲတွေမှာ ပအိုဝ်းအမျိုးသား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်မှာမဟုတ်သလို စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအောက်မှာ ရပ်တည်နေတဲ့ ပအိုဝ်းအမည်ခံအဖွဲ့တွေအနေနဲ့ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် ကူးပြောင်းရပ်တည်ကြဖို့ PNLO က တိုက်တွန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တွေအနေနဲ့ အာဏာရှင်တွေရဲ့ အသုံးချခံဘဝကနေ အမြန်ဆုံးရုန်းထွက်ကြဖို့ PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းရမ်က သံလွင်တိုင်မ်းကို ပြောပါတယ်။

” အာဏာရှင်ယန္တယားကိုလည်ပတ်စေတဲ့ အသုံးချခံဘဝကိုရောက်နေတဲ့ ပြည်သူ့စစ်တွေအနေနဲ့ ကိုယ့်ရဲ့လမ်းအမှားကို အမြန်ဆုံးစွန့်လွှတ်ပြီးတော့ အမျိုးသားလွတ်မြောက်ရေးလမ်းမှန်ပေါ်ကို လာရောက်ပူးပေါင်းကြဖို့ အထူးတိုက်တွန်းလိုပါတယ်” လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်း၊ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တို့ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်ပြီး ဒေသအတွင်း PNLO နဲ့ စစ်ကောင်စီ သြဇာခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ ရှိကြပါတယ်။

လက်ရှိတိုက်ပွဲတွေအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ဟာ ဆီဆိုင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၄၂၄ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကလည်း ဆီဆိုင်မြို့နယ်ကို လက်နက်ကြီး၊ ဂျက်ဖိုက်တာ၊Y12 လေယာဉ်တွေနဲ့ ဆက်တိုက် တိုက်ခိုက်နေတာကြောင့် ဒေသခံ တစ်သိန်းကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဟာ ပြီးခဲ့တဲ့၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကာလတွေတုန်းက တွေ့ဆုံဆွေးနွေးရေးလမ်းစဉ် ရွေးချယ်ထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ရဲ့ နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ချီးမြှင့်ထားပါတယ်။

နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ လက်ရှိမှာလည်း တပ်အင်အား တစ်သောင်းကျော်ရှိတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ခွဲထွက်မှုကြောင့် အခက်ကြုံနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- PNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.